Sunday 17 October 2021

 မြန်မာပြည်တည်ထောင်ခဲ့ရာမှာ လူမျိုးရေးရယ် ဘာသာရေးရယ် နိုင်ငံရေးရယ် တွေ က သုံးပင်လိမ်သုံးလွန်းတင်ကြိုးလိုပဲ ပူးယှက်ပေါင်းစပ်ပြီး ဖြစ်တည်လာခဲ့ကြတာဖြစ်တယ် ဆိုတာကို သိကြဖို့လိုတယ်။


မြန်မာလူမျိုးရယ်လို့ သတ်သတ်မှတ်မှတ်ဖြစ်တည်လာတဲ့ကာလဟာ မြန်မာတွေ ဗုဒ္ဓသာသနာကိုခံယူလိုက်ကြတဲ့ အချိန်ပဲဖြစ်မယ်။ စာပေပေါ်ပေါက်လာတယ်။ မြန်မာဘာသာစကားဟာလည်း အများကြီး တိုးတက်ကြွယ်ဝလာတယ်။ စာပေကလည်း ဘာသာရေးကျမ်းဂန်တွေကို စုဆောင်းမှတ်တမ်းတင်ဖို့ရာအဓိကပါပဲ။ ဘာသာရေးအခြေခံတဲ့မြန်မာ့ယဉ်ကျေးမှုဆိုတာလည်းပေါ်ပေါက်လာခဲ့တယ်။ ဘုရင်က ဘာသာတရားကိုချီးမြှောက်တယ်။ ပြည်သူကဘာသာတရားကို ထောက်ပံ့တယ်။ ဘာသာတရားက ဘုရင် နဲ့ ပြည်သူအကြားမှာ အေးချမ်းစေတဲ့ချောဆီသဖွယ် ဝန်ဆောင်မှုပေးခဲ့တယ်။ ဒါက အာရှနိုင်ငံတွေတော်တော်များများရဲ့ ပါရာဒိုင်း ပါပဲ။ 


ကိုလိုနီခေတ်ရောက်တဲ့အခါမှာ အဲဒီ အစည်းအဖွဲ့ အစုအမက်သဘောဟာ ခြိမ်းခြောက်ခံလာရတယ်။ ပြင်ပက သူစိမ်းတွေရဲ့ ဘာသာတရားတွေ လောကအမြင်တွေဝင်ရောက်လာတယ်။ ရှိရင်းစွဲ ပဒေသရာဇ်အထိုင်ယဉ်ကျေးမှုစနစ်တွေရဲ့နေရာမှာ ဝင်ရောက်လာတဲ့ အရင်းရှင်ဝါဒ ဗျူရိုကရေစီဝါဒ ဖက်ဆစ်ဝါဒ ကွန်မြူနစ်ဝါဒ ဆိုရှယ်လစ်ဝါဒ လစ်ဘရယ်ဝါဒ ဒီမိုကရေစီဝါဒ စတာတွေ အားလုံးဟာ အနောက်ဘက်ကနေ ကျူးကျော်ရောက်ရှိလာတာတွေပဲလို့ သုံးလွန်းတင်ကြိုးလောကအမြင်က ရှုမြင်ပါတယ်။ 


ဘာသာရေးကို အာဏာရှင်တွေက ကာကွယ်စောင့်ရှောက်ပေးတယ်လို့ ပြည်သူကမှတ်ယူခဲ့ကြတဲ့အခါမှာ အာဏာရှင်ကိုဖယ်ရှားခြင်းဟာ ဘာသာရေးနဲ့ ယဉ်ကျေးမှုတွေ လူမျိုးရေးအိုင်ဒီတွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်စိန်ခေါ်မှုတွေပဲလို့တွေးလာကြတယ်။ အနောက်တိုင်းစနစ်တွေ အစားထိုးဝင်ရောက်လာရင် အခြေအနေသစ် အခင်းအကျင်းသစ်တွေမှာ အရင်ကရှိနှင့်ခဲ့တဲ့ ဘာသာရေးတန်ဖိုးတွေ ယဉ်ကျေးမှု အဆောက်အအုံတွေ ဆက်လက်ရှင်သန်နိုင်ပါမလား.... လွတ်လပ်စွာပြိုင်ဆိုင်ခွင့်ရရှိလာရင် အကျောပေးကာကွယ်စောင့်ရှောက်ထားတဲ့ ဘာသာတရားနဲ့ယဉ်ကျေးမှုတွေဟာ ပြင်ပဘာသာတရားတွေ ကို ယှဉ်ပြိုင်နိုင်မှာမဟုတ်လောက်ဘူးလို့လည်း ပူပန်လာကြတယ်။ 


ဒီ ပူပန်သောကဟာ အခြေအမြစ်ရှိပါတယ်။ သုံးပင်လိမ်ကြိုးရဲ့ ခွန်အားဟာ ကြိုးတစ်ချောင်းပြတ်သွားတာနဲ့ ကျန်တဲ့ကြိုးတွေရဲ့ ဒဏ်ခံနိုင်စွမ်းနဲ့ သန်မာအားကောင်းမှုတွေဟာလည်း သိသိသာသာ လျော့ပါးဆုံးရှုံးသွားနိုင်တာ ဖြစ်လို့ပါပဲ။ ဒီအတွက် ဘာသာရေး နဲ့ လူမျိုးရေးတွေဟာ အာဏာရှင်စနစ်တွေကို ဖက်တွယ်ရင်း မျိုးဆက်အဆင့်ဆင့် ဆက်လက်ရှင်သန်စေလိုတဲ့သဘောဘက်မှာ ရပ်တည်လာကြတာကိုလည်း တွေ့ရနိုင်ပါတယ်။


Lynn htetswe

No comments:

Post a Comment

 #HappyType ပျော်ပျော်နေတတ်တဲ့ လူတစ်ယောက်ရင်မှာ စုတ်ပြတ်သတ်နေတဲ့ ဒဏ်ရာတွေ အချက်ပေါင်းများစွာ ရှိတယ်ဆိုတာ ကိုယ်ကလွဲပြီး ဘယ်သူက သိနိုင်ပါ့မလဲ ...