Monday 29 August 2022

 ပညာရေးအဆင့်နိမ့်တဲ့တိုင်းပြည်မျိုး အတွေးအခေါ်ချွတ်ခြုံကျတဲ့နေရာမျိုး ပုဂ္ဂိုလ်စွဲကြည်ညိုအားပဲသန်တဲ့နေရာဌာနမျိုးမှာ ဘာသာရေး နိုင်ငံရေး တွေနဲ့ ပတ်သက်လာရင် အမှန်တရား ကို ရှာရတာလွယ်တယ်။ အမှန်တရားဘက်ကရပ်တည်ဖို့ဆိုတာ မခက်လှဘူး။ လူအုပ်ကြီးနဲ့ ဆန့်ကျင်ဘက်မှာသာရပ်လိုက် အမှန်ဖြစ်ဖို့များတယ်ဆိုတာမျိုး။ တစ်ခါတစ်လေတောင်မကဘူး အကြိမ်ဖန်များစွာသော ကိစ္စတွေမှာ အများစုရဲ့ အမြင်ဆိုတာတွေဟာ အဂတိအစွန်းအထင်းတွေများတယ်။ ဘက်လိုက်မှုတွေအားကြီးတယ်။ ကွန်ဖန်မေးရှင်းဘိုင်းယပ်စ်တွေ ထူပြောတယ်ဆိုတာမျိုး။ ဓမ္မနဲ့ အဓမ္မခွဲရတာလွယ်လွန်းတယ်။ ဓမ္မက ဓမ္မကို ပြန်ဝေဖန်စိစစ်ကြည့်ရတာကသာ ခက်တဲ့အမျိုးပါ။


အိန္ဒိယရုပ်ရှင်ထဲက မင်းသားကြီး အမိတာဘာချန်း ရုပ်ရှင်တစ်ခုထဲပြောတာကတော့ မင်းတို့အမှားတစ်ခုလုပ်ပြီးရင် လုပ်နိုင်တာ လုပ်သင့်တာ ၃ ခုရှိတယ်တဲ့။ အမှားကိုဝန်ခံ သင်ခန်းစာယူ အမှန်ဖြစ်အောင်ပြန်ပြင်ပါတဲ့lhs

Any time

Friday 26 August 2022

 မြန်မာမှုနယ်မှာ ကာလာမသုတ်လို့ခေါ်တဲ့ ကေသမုတ္တိသုတ် ကို အတော်လေး ကိုးကားပြောဆိုတတ်ကြတယ်။ ပြောပင်ပြောကြသော်လည်း အနှစ်သားအထိရောက်အောင်တော့ မပြောကြပဲ အပေါ်ယံရှပ် ပြီးသွားကြတာများတယ်။ ဝေဖန်ဆန်းစစ်မှုကို အားပေးတဲ့ ဟောကြားချက်အနေနဲ့ ကိုးကားကြတာများပါတယ်။


အပေါ်ယံကြည့်ရင်တော့ ကေသမုတ္တိသုတ်ဟာ သံသယဝါဒ ကို ဟောနေသလိုဖြစ်နေပါတယ်။ "အမှန်လို့မဆုံးဖြတ်ရန်အချက် ၁၀ချက်" ကို ဟောကြားတယ်ဆိုတဲ့အပိုင်းကိုပဲ ပြောကြတာများလှတယ်။ ဒီလိုဆိုလည်းမှန်တယ်လို့မယူနဲ့ ဟိုလိုဆိုလဲ ဟုတ်တယ်လို့ မယုံကြည်နဲ့ ဆိုတာကို အသားပေးပြောကြပါတယ်။


ကောသလတိုင်း ကေသမုတ္တိရွာနိဂုံးမှာနေထိုင်ကြတဲ့ ကာလာမမင်းတွေဟာ သူတို့ဆီကိုရောက်လာတဲ့ ဘာသာရေးသမားတွေ သမဏတွေ ဗြဟ္မဏတွေ တက္ကဒွန်းတွေ ပရိဗိုဇ်တွေ မျိုးစုံရဲ့ ဘာသာအယူဝါဒ အကျင့်ပေါင်းစုံကို ကြားရတဲ့အခါ နာရတဲ့အခါ ဟိုဟာကောင်းနိုး သည်ဟာမှန်နိုးတွေနဲ့အယူအဆတွေ ရှုပ်ရှုပ်ထွေးထွေးဖြစ်ကုန်တဲ့အခါ ဗုဒ္ဓကို ဘယ်အရာမှန်လဲဆိုတာ ဘယ်လို မှတ်ကျောက်တင်ရမလဲ လို့ မေးကြတာပါ။ ဗုဒ္ဓက.....


ကာလာမမင်းတို့ သင်တို့သည်—

ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး။

ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

(ငါတို့) ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊


စသဖြင့် "အငြင်းပုဒ်"တွေကို စ ပြောပါတယ်။ လူတွေရဲ့ အသိတရားတွေ တနည်း ခေတ်စကားနဲ့ပြောရင် အင်ဖော်မေးရှင်းတွေက ဘယ်ကနေလာသလဲဆိုတဲ့ အရင်းအမြစ်တွေကို တန်းစီပြောပြတာပါပဲ။ တဆင့်နားကြားတာ ဟိုလူသည်လူပြောနေတာ မိဘရိုးရာအစဉ်အဆက်ကြားဖူးနားဝရှိတာ ဘာသာရေးကျမ်းစာတွေက ပြောတာ ဘုန်းကြီး ပညာရှိ စတဲ့ လေးစားထိုက်သူတွေကပြောတာကြားဖူးတာ စတာတွေအပြင် ကိုယ့်ဘာသာကိုယ် ကြံစည်စိတ်ကူးမိတာ ကိုယ်ပိုင်ဉာဏ်နဲ့တွေးတောစဉ်းစားမိတာ ယုတ္တိနည်းနဲ့ကိုက်ညှိကြည့်တာ ဖြစ်ဖူးခဲ့တာတွေကိုထောက်ဆပြီး နည်းမှီယူပြီး တွေးဆကြည့်တာ စတဲ့ စတဲ့ သိမှုဆိုင်ရာနည်းတွေ အားလုံးကို ဗုဒ္ဓ က အခိုင်အမာမယူဖို့ သတိပေးပါတယ်။ ဒီ ရင်းမြစ်တွေကလာတယ်ဆိုတိုင်း မျက်စိမှိတ်ပြီး အမှန်လို့လက်မခံဖို့ကို ထောက်ပြပါတယ်။ 


ဒီလိုဆိုရင် အမှန်ဆိုတာမရှိတော့ဘူးလား.. ဘာကို အမှန်လို့ယူရမလဲ ကျင့်သုံးဆောက်တည်ရမလဲ...လို့ မေးတော့ ဗုဒ္ဓက ပါ့စ်ဂျိမ်းဒျူဝီတို့ထက်နှစ်ပေါင်းများစွာစောလို့ ပရက်ဂမာနည်း ကို တင်ပြပါတယ်။


အမှန်တရားဆိုတာ လက်တွေ့စမ်းသပ်စစ်ဆေးကြည့်လို့ရမဲ့ စံနှုန်းတွေရှိရမယ်ပေါ့။ ဒီစံနှုန်းတွေကို ပြုချက်အနေနဲ့ ဖော်ပြပါတယ်။ ဘာတွေဖြစ်မလဲ။


ပထမဆုံး အမှားတွေက ဘာတွေဖြစ်မလဲဆိုတဲ့ အမှားရဲ့ နှုန်းစံတွေကို အခုလိုပြောပါတယ်။


((ကာလာမမင်းတို့ “ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံ စေအပ် ဆောက်တည်အပ်ကုန်သည်ရှိသော် အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏”ဟု သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိသောအခါ၌မူ ပယ်စွန့်ကုန်ရာ၏။))


ပယ်ရှားအပ်တဲ့အမှားတရားတွေကို တိုင်းတာရမဲ့ နှုန်းစံတွေကတော့ အပြစ်ရှိတဲ့ အကုသိုလ်တရားတွေ ပညာရှိတွေ ကဲ့ရဲ့အပ်တဲ့တရားတွေ ကျင့်သုံးဆောက်တည်ရင် အကျိုးမဲ့စေ စီးပွားပျက်စေ ဆင်းရဲခြင်းဖြစ်စေတဲ့ တရားတွေ ဟာ အမှားတရားတွေ စွန့်ပယ်အပ်တဲ့တရားတွေလို့ ပြောပါတယ်။


ဒီနေရာမှာ မေးခွန်းထုတ်စရာဖြစ်လာပါပြီ။ ဘာသာတရားတစ်ခုက အပြစ်ရှိတဲ့အကုသိုလ်လို့ပြောပေမဲ့ အခြားအယူဝါဒတစ်ခုက ဒီလိုသတ်မှတ်ချင်မှသတ်မှတ်လိမ့်မယ်လေ။ ပညာရှိတွေကဲ့ရဲ့အပ် ဆိုတာမှာလည်း ဘယ်လိုလူက ပညာရှိသူလည်းဆိုတာ ဘာသာတရားတွေက အမျိုးမျိုးဆုံးဖြတ်သတ်မှတ်ကြမှာပါပဲ။ ဒါတွေက ရှုထောင့်တွေနဲ့ဆိုင်သလိုဖြစ်နေပါတယ်။ ဒါပေမဲ့ ပရက်ဂမာနည်းအရ လက်တွေ့သိမြင်နိုင်တဲ့ စံတစ်ခုကိုထည့်ထားတယ် .. အဲဒါကတော့ အကျိုးစီးပွားမဲ့စေပျက်စေ နစ်နာဆုံးရှုံးစေတဲ့တရားတွေဖြစ်ရမယ်ဆိုတာပါပဲ။ ဗုဒ္ဓက သူ့ရဲ့ ပရက်ဂမက်တစ်အဆိုကို အခုလိုတည်ဆောက်ပါတယ်။


"အကယ်၍" အကြင်တရားတစ်ခုခုဟာ အကျိုးစီးပွားမဲ့စေပျက်စေ နစ်နာဆုံးရှုံးစေတဲ့တရားတွေဖြစ်မယ်ဆိုခဲ့ရင် "ထိုတရားဟာ" အပြစ်တရားဖြစ်တယ် အကုသိုလ်တရားဖြစ်တယ်။


"အကယ်၍" အကြင်တရားတစ်ခုခုဟာ အပြစ်တရားဖြစ်တယ် အကုသိုလ်တရားဖြစ်တယ် ဆိုခဲ့ရင် "ထိုတရားဟာ" ပညာရှိတို့ ကဲ့ရဲ့အပ်သောတရား ဖြစ်ရမယ်။


"အကယ်၍" အကြင်တရားတစ်ခုခုဟာ ပညာရှိတို့ ကဲ့ရဲ့အပ်တဲ့ အကျိုးစီးပွားမဲ့စေပျက်စေ နစ်နာဆုံးရှုံးစေတဲ့ အပြစ်ရှိတဲ့ တရားတွေဖြစ်မယ်ဆိုခဲ့ရင် "ထိုတရားဟာ" စွန့်ပယ်သင့် စွန့်ပယ်ထိုက်တဲ့ လက်မခံအပ် မကျင့်သုံးအပ်တဲ့တရား ဖြစ်တယ် ။


ဒီလိုဆိုလိုက်တော့ ဗုဒ္ဓတည်ဆောက်ပြထားတဲ့ ပရက်ဂမက်တစ်လော့ဂျစ် မှာ အမှားတရားဆိုတာ ဘာလဲဆိုတာ အတော်လေး ပုံပေါ်လာပါပြီ။ အနှစ်ချုပ်က ((အမှားတရား=ညီမျှခြင်း=ပညာရှိတို့ ကဲ့ရဲ့အပ်တဲ့ အကျိုးစီးပွားမဲ့စေပျက်စေ နစ်နာဆုံးရှုံးစေတဲ့ အပြစ်ရှိတဲ့ တရား တွေပါပဲ))) ဆိုတဲ့ ဖော်မျူလာ က ထွက်ပေါ်လာပါတယ်။


ဗုဒ္ဓက ဆက်တွေးပြပါတယ်။ ဘယ်လိုတရားတွေဟာ ပညာရှိတို့ ကဲ့ရဲ့အပ်တဲ့ အကျိုးစီးပွားမဲ့စေပျက်စေ နစ်နာဆုံးရှုံးစေတဲ့ အပြစ်ရှိတဲ့ တရား တွေ ဖြစ်နိုင်ပါသလဲ။ 


ဒီနေရာမှာ ဗုဒ္ဓဟာ သူ့လောဂျစ်ကို လက်တွေ့ခံစားသိရှိနိုင်တဲ့ ဖီနိုမီနိုလိုဂျီနယ်ထဲကို ရွှေ့ယူလိုက်ပါတယ်။


ကာလာမမင်းတို့ရေ...လောဘ.. ဒေါသ.. မောဟ စတဲ့တရားတွေဟာဖြင့် ပညာရှိတဲ့ ကဲ့ရဲ့အပ်တဲ့ အကျိုးစီးပွားမဲ့စေပျက်စေ နစ်နာဆုံးရှုံးစေတဲ့ အပြစ်ရှိတဲ့ တရားတွေ ဖြစ်တယ်ကွာ လို့ ပြောလိုက်ပါတယ်။ 


လူတွေဟာ ကိုယ့်စိတ်ထဲမှာ လိုချင်တပ်မက်တဲ့လောဘစိတ်ဖြစ်လာရင် ဖြစ်လာတာကို ခံစားမိကြတယ်ဆိုတော့ လောဘအကြောင်းနဲ့ လောဘရဲ့ ပူလောင်မှုကို သိကြမှာပါပဲ။ လောဘကြောင့်ပဲ လူတွေဟာ သတ်-ခိုး-ကျူး-လိမ်-မူး ဆိုတာတွေကို ကျူးလွန်ကြတယ် ဖောက်ဖျက်ကြတယ်။ ဒါတွေကိုလုပ်တဲ့အခါ ရပ်ရွာကရိုက်ပုတ်ချင်ရိုက်ပုတ်မယ် မင်းပြစ်မင်းဒဏ်သင့်ချင်သင့်မယ် သေလွန်တဲ့အခါ အကုသိုလ်ဒုစရိုက်ကြောင့် ဒုဂ္ဂတိဘဝတွေကို ကျရောက်ရကြတယ်ဆိုတော့ လော-ဒေါ-မော တွေဟာ အကျိုးစီးပွားပျက်စေတဲ့ ပညာရှိတွေကဲ့ရဲ့တဲ့ အပြစ်အကုသိုလ်တရားတွေပါပဲ.. အဲဒီတရားတွေနဲ့ အဲဒီတရားတွေကို တိုးပွားစေနိုင်တဲ့ ဘာသာအယူအဆတွေကို စွန့်ပယ်ကြကွာ လို့ ပြောပါတယ်။


အလားတူပါပဲ.. အမှားတရားတွေရဲ့ ဆန့်ကျင်ဘက် အမှန်တရားတွေက ဘာတွေဖြစ်မလဲဆိုတော့ အမှန်တရားရဲ့ စံနှုန်းတွေကို အခုလိုတည်ဆောက်ပြပါတယ်။


(((ကာလာမမင်းတို့ ‘ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည်အပ်ကုန်သည်ရှိသော် အစီးအပွားရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏’ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင်လျှင် သိသောအခါ၌မူ ပြည့်စုံစေ၍ နေကုန်ရာ၏။))))


ဗုဒ္ဓရဲ့ ပရက်ဂမက်တစ်လော့ဂျစ်ချိတ်ဆက်ပုံကို အခုလိုမြင်ရပါတယ်။ "အခြေအနေပေးအဆို"တွေနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ 


"အကယ်၍" အကြင်တရားတစ်ခုခုဟာ အကျိုးစီးပွားဖြစ်ထွန်းစေမယ် ချမ်းသာခြင်းကိုဖြစ်စေမယ်ဆိုရင် "ထိုတရားဟာ" အပြစ်မရှိသောတရားဖြစ်တယ် ကုသိုလ်တရားဖြစ်တယ်။


"အကယ်၍" အကြင်တရားတစ်ခုခုဟာ အပြစ်မရှိသောတရားဖြစ်တယ် ကုသိုလ်တရားဖြစ်တယ် ဆိုခဲ့ရင် "ထိုတရားဟာ" ပညာရှိတို့ ချီးမွမ်းအပ်သောတရား ဖြစ်ရမယ်။


"အကယ်၍" အကြင်တရားတစ်ခုခုဟာ ပညာရှိတို့ ချီးမွမ်းအပ်တဲ့ အကျိုးစီးပွားဖြစ်စေတဲ့ အပြစ်မရှိတဲ့ တရားတွေဖြစ်မယ်ဆိုခဲ့ရင် "ထိုတရားဟာ" လက်ခံအပ်တဲ့တရား ဆောက်တည်ကျင့်သုံးအပ်တဲ့တရား ဖြစ်တယ် ။


ဒီလိုဆိုလိုက်တော့ ဗုဒ္ဓတည်ဆောက်ပြထားတဲ့ အမှန်တရားရဲ့ ပရက်ဂမက်တစ်လော့ဂျစ် မှာ အမှန်တရားဆိုတာ ဘာလဲဆိုတာ အတော်လေး ပုံပေါ်လာပါပြီ။ အနှစ်ချုပ်က ((အမှန်တရား=ညီမျှခြင်း=ပညာရှိတို့ ချီးမွမ်းအပ်တဲ့ အကျိုးစီးပွားဖြစ်ထွန်းစေတဲ့ အပြစ်မရှိတဲ့ တရား တွေပါပဲ))) ဆိုတဲ့ ဖော်မျူလာ က ထွက်ပေါ်လာပါတယ်။


ဒါဆိုရင် ဘာတွေက ကျင့်သုံးအပ်ဆောက်တည်အပ်တဲ့ အမှန်တရားတွေ ဖြစ်မလဲ..?? လောဘရဲ့ ဆန့်ကျင်ဘက် အလောဘ (ဝိရာဂ) ဒေါသရဲ့ ဆန့်ကျင်ဘက် အဒေါသ (မေတ္တာ)မောဟ ရဲ့ ဆန့်ကျင်ဘက် အမောဟ (ပညာ/ဝိဇ္ဇာ) တွေဟာ ဆောက်တည်ကျင့်သုံးအပ်တဲ့ ကောင်းမြတ်တဲ့ အမှန်တရားတွေပါပဲ ဆိုတဲ့ အဖြေထွက်လာပါတယ်။


မတပ်မက်ခြင်း မမုန်းတီးခြင်း မကောက်ကျစ်မလှည့်ဖျားခြင်း မမိုက်မဲခြင်း တရားတွေက ကောင်းတဲ့တရားတွေ အကျိုးဖြစ်စေတဲ့တရားတွေဆိုတာ လူတိုင်း ကိုယ်စီသန္တာန်မှာ ဖီနိုမီနိုလိုဂျီ သဘောနဲ့ အာရုံသိနဲ့ တိုက်ရိုက်သိနိုင်ကြပါတယ်။ အလောဘ အဒေါသ အမောဟ တရားတွေ အားကြီးတဲ့အခါ လူတွေဟာ သတ်-ခိုး-ကျူး-လိမ်-မူး စတာတွေကို မလုပ်ကြတော့ပဲ ရှောင်ကြဉ်ကြပါတယ်။ အပြစ်မရှိတဲ့အလုပ်တွေကိုလုပ်ကြတဲ့အခါ မိမိအကျိုးစီးပွား လောကအကျိုးစီးပွားတွေဖြစ်ထွန်းပါတယ်။ ပညာရှိတွေလည်း ချီးမွမ်းပါတယ်။ တမလွန်ဆိုတာရှိရင်လည်း ကောင်းမြတ်ရာကိုပို့ဆောင်ပေးမဲ့ကုသိုလ်ဖြစ်တယ်။ ဒီတရားတွေကို ဖြစ်ထွန်းစေတဲ့ အားပေးတဲ့ ဘာသာတရားတွေ အယူဝါဒတွေဟာ အမှန်လို့လက်ခံသင့်တဲ့တရားတွေ ကျင့်ဆောင်သင့်တဲ့တရားတွေ ဖြစ်ပါတယ်။


ဒါက ဗုဒ္ဓရဲ့ ပရက်ဂမာနည်းနဲ့ စစ်ဆေးသက်သေပြတဲ့ အမှန်တရားရှာဖွေနည်းပဲဖြစ်ပါတယ်။ လူသားတိုင်း လက်လှမ်းမီတဲ့ လက်တွေ့ဘဝမှာ တိုက်ဆိုင်စစ်ဆေးဆုံးဖြတ်နိုင်တဲ့ ပမာဏမှတ်ကျောက်တွေလည်းဖြစ်ပါတယ်။lyinnhtetswe


(ဆက်လက်ဖော်ပြပါမယ်)

 #HappyType ပျော်ပျော်နေတတ်တဲ့ လူတစ်ယောက်ရင်မှာ စုတ်ပြတ်သတ်နေတဲ့ ဒဏ်ရာတွေ အချက်ပေါင်းများစွာ ရှိတယ်ဆိုတာ ကိုယ်ကလွဲပြီး ဘယ်သူက သိနိုင်ပါ့မလဲ ...