Monday 13 November 2023

 ||| ကြံခိုင်ရေးနဲ့ စစ်ခေါင်းဆောင်တို့မျက်ခုံးလှုပ်နေတဲ့ တရုတ်ဖမ်း၀ရမ်း !!! 


၂၀၂၃ ၊ နို၀င်ဘာ ၁၃ 

[ ငါတို့အလှည့်လာပြီ ] 


ကျားဖြန့်ခေါ် အွန်လိုင်းအခြေပြုလိမ်လည်မှုလုပ်ငန်းတွင် ပါဝင်ပတ်သက်သည်ဆိုသော သံသယဖြင့် ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်အမတ်၊ နယ်ခြားစောင့်တပ်ခေါင်းဆောင်တို့ အပါအဝင် ၄ ဦးကို တရုတ်အစိုးရက ယမန်နေ့ (နိုဝင်ဘာ ၁၂) တွင် ဖမ်းဝရမ်းထုတ်လိုက်သည်။ 


တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲကျန်းပြည်နယ်၊ ဝန်ကျိုးမြို့ရဲတပ်ဖွဲ့၏ ဖမ်းဝရမ်းစာရင်းတွင် ပြည်နယ်လွှတ်တော်အမတ် ဦးမြီရှောက်ချန်း (၆၉ နှစ်)၊ သားဖြစ်သူ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ဦးမြီကော်ဖျင် (၄၂ နှစ်)၊ သမီးဖြစ်သူ မြီကျူးလန့် (၄၂ နှစ်)၊ မြေးဖြစ်သူ မြီကျိန်ကျိန် (၂၇ နှစ်) တို့ ပါဝင်သည်။ 


၎င်းတို့ကို ဖမ်းမိရေး သတင်းပေးနိုင်ပါက တရုတ်ယွမ်ငွေ တစ်သိန်းမှ ငါးသိန်းအထိ (ကျပ်သိန်း ၄၅၀ မှ ကျပ်သိန်း ၂၀၀၀ ကျော်) ဆုကြေးပေးမည်ဟုလည်း တရုတ်ဘက်က ကြေညာထားသည့်နည်းတူ ကာကွယ်ပေးသူများကို ပြင်းထန်သည့်တုံ့ပြန်မှု ပြုလုပ်မည်ဟုလည်း ရာဇသံပေးထားသည်။ 


တရုတ်၏ ထိုဖမ်းဝရမ်းသည် မြန်မာစစ်တပ်အရာရှိဟောင်းများ ခေါင်းဆောင်သည့် ကြံ့ခိုင်ရေးပါတီနှင့် ပြည်သူ့စစ်များကို ထိန်းချုပ်သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အတွက် ခေါင်းခဲစရာဖြစ်လာသည်။ 


တရုတ်အလိုရှိသည့် ဒုတိယမြောက်ကြံ့ခိုင်ရေးအမတ် 


ဦးမြီရှောက်ချန်းသည် ကျားဖြန့်ပြဿနာများအတွက် တရုတ်က အလိုရှိသည့် ဒုတိယမြောက် ကြံ့ခိုင်ရေးအမတ်ဖြစ်သည်။ ယင်းမတိုင်မီက ကြံ့ခိုင်ရေးပါတီဝင်၊ ၂၀၂၀ရွေးကောက်ပွဲအနိုင်ရ ကိုးကန့်၊ ကုန်းကြမ်း (၂) ရှမ်းပြည်နယ်လွှတ်တော်အမတ် ဦးမောင်မောင်ကို တရုတ်တို့က ၂၀၂၃ အောက်တိုဘာ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထားသည်။ အမတ်ဟောင်း ဦးမြီရှောက်ချန်း၏ သမက်ကို (မြီကျူးလန့်၏ ခင်ပွန်း) သည်လည်း ဦးမောင်မောင်နှင့်အတူ တစ်ချိန်တည်း ဖမ်းခံထားရသည်။ 


‘မြင်ရှော်ချန်း’ (သို့) ‘မြင်ရွှေချမ်း’ ဟုလည်း နောက်ထပ်အမည်တစ်ခုရှိသည့် ဦးမြီရှောက်ချန်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီအမတ်အဖြစ် ရှမ်းပြည်နယ်လွှတ်တော်တွင် လောက်ကိုင် (၂) အမတ်အဖြစ် ပြိုင်ဘက်မရှိ အနိုင်ရခဲ့သူဖြစ်သည်။ 


ထို့နောက် ဦးမြီရှောက်ချန်းသည် ကိုးကန့်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အုပ်ချုပ်ရသည့် ဒေသဦးစီးအဖွဲ့၏ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၁ မှ ၂၀၁၆ အထိ ကိုးကန့်ဒေသကို စီမံခန့်ခွဲခွင့်ရခဲ့သည့် ဒေသဦးစီးအဖွဲ့ကို ကိုးကန့်တွင် သြဇာကြီးသည့် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ခေါင်းဆောင် (ဟောင်း) ဦးပယ်ဆောက်ချိန်က ဦးဆောင်သည်။ 


ဦးပယ်ဆောက်ချိန်သည် ဦးဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ကို မြန်မာစစ်တပ်နှင့်အတူ လက်တွဲတိုက်ခိုက်ပြီးနောက် သူ၏တပ်များကို ၂၀၀၉ ဒီဇင်ဘာတွင် မြန်မာစစ်တပ်၏ အမှတ် (၁၀၀၆) နယ်မြေခံ နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့ကာ ကိုးကန့်ဒေသကို အပိုင်စားရခဲ့သည်။ 


ဦးမြီရှောက်ချန်းသည် ဦးပယ်ဆောက်ချိန်၏ အားအကိုးရဆုံးသော လက်ရုံးတပ်မှူးများထဲမှ တစ်ဦးဖြစ်သည်။ 


ပထမအကြိမ်လွှတ်တော်သက်တမ်း ပြီးဆုံးချိန်တွင် ဦးပယ်ဆောက်ချိန်နှင့် ဦးမြီရှောက်ချန်းတို့ ဆရာတပည့်နှစ်ဦးစလုံး လွှတ်တော်နိုင်ငံရေးမှ အနားယူခဲ့ကြပြီး ဒုတိယမျိုးဆက် သားသမီးများကို ကိုးကန့်ဒေသတွင် စစ်ရေးနှင့် နိုင်ငံရေး ခေါင်းဆောင်များအဖြစ် စင်တင်ခဲ့သည်။ 


တစ်ချိန်က လက်နက်ကိုင်တပ် လက်ဝယ်ရှိခဲ့သည့် ဦးမြီရှောက်ချန်းသည် နိုင်ငံရေးအာဏာ စွန့်ခွာရချိန်တွင် အသက် ၄၂ နှစ်အရွယ် သားဖြစ်သူ ဦးမြီကော်ဖျင်ကို နယ်ခြားစောင့်တပ်တွင် ထည့်သွင်းခဲ့သည်။ 


တရုတ်၏ နိုဝင်ဘာ ၁၂ ဖမ်းဝရမ်းတွင် နယ်ခြားစောင့်တပ်အရာရှိ ဦးမြီကော်ဖျင်၏အမည် ပါဝင်လာခဲ့ရာ ၎င်းကို တရုတ်ဆီ လွှဲပေးရေး၊ မပေးရေး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆုံးဖြတ်ရတော့မည်ဖြစ်သည်။ 


စစ်ကောင်စီက ဆက်လက်ကိုင်စွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အဆုံးအဖြတ်သာ အပြီးအပြတ်ဟု သတ်မှတ်ထားသည်။ 


တရားဝင် ဖမ်းဝရမ်းမဆင့်ထုတ်သေးသော်လည်း ဦးမြီရှောက်ချန်း၏ နောက်ထပ်သားတစ်ဦးဖြစ်သည့် မြီကိုအန် (မင်ကိုအန်) ကိုလည်း တရုတ်ဘက်က အလိုရှိနေသည်ဟု တရုတ်သတင်းများနှင့် ဒေသတွင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။ မြီကိုအန်သည် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ကိုးကန့်ဒေသဆိုင်ရာ ရဲတပ်ဖွဲ့မှ ကြယ်သုံးပွင့်အဆင့်ရှိ ဒုရဲမှူးဖြစ်သည်။ 


ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက်ပြီး လက်ရှိအချိန်တွင် တရုတ်နိုင်ငံအတွင်း လူပြောများသည့် ဖြစ်ရပ်က ‘၁၀၂၀ အဖြစ်အပျက်’ ဟု တင်စားကြသည့်၊ လောက်ကိုင်မြို့ထဲတွင် အောက်တိုဘာ ၂၀ ရက်နေ့က တရုတ်လူမျိုးများ သတ်ဖြတ်ခံရသည်ဆိုသည့် ကိစ္စဖြစ်သည်။ 


အရေအတွက် မည်မျှသတ်ဖြတ်ခံခဲ့ရသည်ကို တိတိကျကျ မသိရသော်လည်း လောက်ကိုင်သို့ လူကုန်ကူးခံရသူ အယောင်ဆောင်ကာ ကျားဖြန့်အကြောင်း လာရောက်စုံစမ်းသည့် တရုတ်ထောက်လှမ်းရေးအရာရှိ အနည်းဆုံး နှစ်ဦးမှ အများဆုံး ငါးဦးအထိ သတ်ဖြတ်ခံခဲ့ရသည်ဟု တရုတ်သတင်းများက ရေးသားကြသည်။ 


စစ်ကောင်စီ ကျောထောက်နောက်ခံပေးထားသည့် သတင်းဌာနတစ်ခုကလည်း စစ်ကောင်စီ သတင်းအရင်းအမြစ်များကို ကိုးကားပြီး တရုတ်အစိုးရက လွှတ်လိုက်သူများ လောက်ကိုင်တွင် အသတ်ခံရသည့်သတင်း မှန်ကန်သည်ဟု ဆိုသည်။ အနည်းဆုံး တရုတ်ရဲတစ်ဦးနှင့် တရုတ်နိုင်ငံသားတချို့ ထိုနေ့က သတ်ဖြတ်ခံခဲ့ရသည်ဟု ဆိုသည်။ 


ထိုအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးပေးရန် ကိုးကန့်ဒေသနှင့်ကပ်လျက်၊ တရုတ် ယူနန်ပြည်နယ် လင်ချန်းနိုင်ငံခြားရေးရုံးက အောက်တိုဘာ ၂၁ တွင် စစ်ကောင်စီခန့် ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ထံ စာပို့ခဲ့သည်။ Myanmar Now က ရရှိထားသည့် အကြောင်းကြားစာတွင် လောက်ကိုင်မြို့တွင်း ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံသားများ သေကျေ ဒဏ်ရာရသည်ဟု သတင်းရထားပြီး ဖြေရှင်းချက်ပေးရန် ရေးသားထားသည်။ 


တရုတ်ဘက်က တောင်းဆိုမှုတွင် ထိုဖြစ်ရပ်အတွက် ဦးမြီရှောက်ချန်းကို စုံစမ်းစစ်ဆေးပေးရန်လည်း ပါရှိသည်။ 


တရုတ်ဘက်က အစပိုင်းတွင် ထိုပြဿနာကို သိုသိုသိပ်သိပ်ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် လူသိရှင်ကြား ဖမ်းဝရမ်းပါ ဆင့်ထုတ်ပြီး ဖြေရှင်းရန် တောင်းဆိုလာခြင်းဖြစ်သည်။ 


အစဉ်အလာအရ ကြံ့ခိုင်ရေးပါတီနှင့် စစ်အုပ်စုကို သစ္စာခံခဲ့ကြသည့် ကိုးကန့်သူဌေးကြီးများကို တရုတ်လက်အပ်မည်လော၊ ကာကွယ်စောင့်ရှောက်မည်လော စစ်ကောင်စီနှင့် ကြံ့ခိုင်ရေးပါတီတို့ ဆုံးဖြတ်ကြရတော့မည်။ 


* ယခုသတင်းကို Myanmar Now စာမျက်မှာမှ ကူးယူဖော်ပြပါသည် ။


 #antifa

 #SpringRevolution

No comments:

Post a Comment

 #HappyType ပျော်ပျော်နေတတ်တဲ့ လူတစ်ယောက်ရင်မှာ စုတ်ပြတ်သတ်နေတဲ့ ဒဏ်ရာတွေ အချက်ပေါင်းများစွာ ရှိတယ်ဆိုတာ ကိုယ်ကလွဲပြီး ဘယ်သူက သိနိုင်ပါ့မလဲ ...