@အဓိပတိကမ္မ

Wednesday, 3 March 2021


 #ရက်စက်တဲ့သဘာဝ


သဘာဝတရားက ဘယ်သူ့မှ မငဲ့သလို၊ ဘယ်တရားကိုမှလည်း မငဲ့ပါဘူး။ 


တစ်နည်းအားဖြင့်- သဘာဝဓမ္မဟာ ပုဂ္ဂိုလ်နဲ့ ဓမ္မရော အဓမ္မကိုပါ မငဲ့ပါဘူး။


မိမိ ဆိုလိုရင်း သဘာဝဓမ္မဆိုတာကို ရှင်းရရင်-


လူဟာ ဘယ်သူ့မှာမှ အသက် အပို မပါကြပါဘူး။ အသက်ကို စတေးပြီးမှ ရတဲ့အရာတွေဟာ ထိုသူအတွက် ဘာအဓိပ္ပါယ်မှ မရှိတော့ပါဘူးလို့ ယူဆနိုင်စရာပါ။ အကြောင်းက- ဘဝဆိုတာ အသက်ပါ။ အသက်မရှိတော့ရင် ဘဝ မရှိတော့ပါဘူး။ "သူ" ဆိုတာ မတည်ရှိနိုင်တော့ပါဘူး။ အသက်မရှိမှတော့ သူရဲကောင်းပါ၊ အာဇာနည်ပါ ဆိုတာတွေဟာလည်း ထိုသွားလေသူအတွက် ဘာအဓိပ္ပါယ်မှ မရှိတော့ပြန်ပါဘူး။ သို့သော် လူဟာ ထိုကဲ့သို့သော အဓိပ္ပါယ်အတွက်၊ ယုံကြည်ရာအတွက် ကိုယ့်စိတ်ဆန္ဒအရ အသက်ကိုပင် စတေးတတ်ကြသည်မှာ အံ့ဩစရာ အကောင်းသားပါ။ အမှန်တရားအားဖြင့်တော့ မသေခင် ရမှသာ သို့မဟုတ် မသေခင် တွေ့ကြုံနိုင်မှသာ အရာရာဟာ ထိုသူအတွက် တန်ဖိုးက ရှိတာပါ။ သေပြီးမှတော့ ထိုသူအတွက် ဘာအဓိပ္ပါယ်မှ မရှိပါ။


ချားလ်စ်ဒါဝင် ( Charles Darwin ) ရဲ့ အဆိုအရ-


Evolution

Natural Selection


ဘဝအားလုံးဟာ ဆင့်ကဲ ဖြစ်စဉ်တစ်ခုထက် မပိုကြပါဘူး။ ဘဝတွေဟာ ဘာအဓိပ္ပါယ်မှ မဆောင်ကြပါဘူး။ အကြောင်းတိုက်ဆိုင်လို့ သူ့ဘာသာ ဖြစ်လာကြတဲ့ ဇီဝသဘာဝတွေသာ။ အသက်ဇီဝတိုင်းမှာ အသက်မသေဖို့ သို့မဟုတ် ရှင်သန်ကျန်ရစ်ဖို့ ( survival ) နှင့် မျိုးဆက်ပွားနိုင်ဖို့ ( reproduction ) ရယ်က အဓိက ပြဌာန်းချက်ပါ။ ဒိအတွက် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ပြောင်းလဲ နိုင်ဖို့ပဲ လိုတယ်။


survival of the fittest 


ဓမ္မတွေ အဓမ္မတွေကို မငဲ့ဘူး၊ ပုဂ္ဂိုလ်ကို မငဲ့ဘူး၊ ကိုယ်ရှင်သန်ကျန်ရစ်ဖို့ လိုက်လျောညီထွေ ပြောင်းလဲနိုင်သမျှဟာ ဆင့်ကဲဖြစ်စဉ်အရ တရားတဲ့ သဘောဆောင်တယ်။


ဒါ့ကြောင့် လူအပါအဝင် သက်ရှိဇီဝတိုင်းအတွက် အသက် ရှင်သန်ကျန်ရစ်ဖို့ အရေးမှာ ဘာကိုမှ ငဲ့စရာမလိုပါလို့ ဆိုရမလိုပါ။ ဒီလို အတ္တဆန်တဲ့၊ ရက်စက်တဲ့ သဘာဝဓမ္မက တိရစ္ဆာန်တွေမှာ ရှိကြပြီး ဖြစ်တယ်။ တိရစ္ဆာန်တွေမှာ ထင်ရှားတယ်။ အကြောင်းက တိရစ္ဆာန်ကမ္ဘာမှာ ပြုသင့်မပြုသင့် ကိုယ်ကျင့်ရေးရာနဲ့ ပတ်သက်လို့ ဘာအကဲဖြတ် သတ်မှတ်ချက်မှ မရှိကြလို့ပါ။


We are animals.


ဆင့်ကဲဖြစ်စဉ်အရ လူဟာလည်း တိရစ္ဆာန်တစ်မျိုးသာလို့ ဆိုတယ်။ ဆင့်ကဲဖြစ်စဉ်မှာ ရှင်သန်ကျန်ရစ်ဖို့ရာ ဓမ္မဖြစ်စေ၊ အဓမ္မဖြစ်စေ၊ မည်သည်ဖြစ်စေ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ပြောင်းလဲနိုင်မှု မှန်သမျှဟာ တရားတယ်လို့ ယူဆနိုင်စရာပါ။ ဒါဟာ ရှင်သန်ကျန်ရစ်ရေး သဘာဝပါ။ ဒီသဘာဝကိုပဲ သဘာဝဓမ္မဟု ဆိုလိုရင်းသာ။ သဘာဝဓမ္မ- သဘာဝရဲ့ ရွေးချယ်မှုဟာ ဘာကိုမှ မငဲ့ပါ။ သဘာဝဟာ နိုင်ငံရေး၊ ဘာသာရေး မည်သည့် အရေးအရာ အဆုံးအဖြတ် သတ်မှတ်ချက်ကိုမှ မငဲ့ပါ။


သဘာဝဟာ သဘာဝပါ။ သဘာဝဓမ္မဟာ ဘာကိုမှ မငဲ့ပါ။ သတ္တိရှိခြင်း၊ ကြောက်ရွံ့ခြင်းကိုလည်း မငဲ့ပါ။ ဓမ္မ အဓမ္မ၊ တရား မတရား၊ ဒေါသတရား မေတ္တာတရား၊ ချစ်ခြင်း မုန်းခြင်း၊ ကုသိုလ် အကုသိုလ်၊ နိုင်ငံရေး ဘာသာရေး၊ အကောင်း အဆိုး၊ အဖြူ အမဲ မည်သည့်အရေးအရာ ပြဌာန်းချက်ကိုမှ မငဲ့ပါ။ ဘယ်သူ့ကိုမှလည်း မငဲ့ပါ။ သူ ငဲ့သည်ကား ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ပြောင်းလဲနိုင်မှုသာ။ " ရှင်သန်ရာသာ ဘဝပါတကား" ပါတဲ့လား။


the imagined order/ Inter-subjective


အမှန်တရားဟာ ဘာကိုမှ မငဲ့ပါ။ သေလွန်တဲ့အခါ ယုံကြည်ရာတွေဟာ မှန်ခဲ့မှာလားလည်း မသေချာပါ။ သို့သော် လူ့အဖွဲ့အစည်းဟာ ရှင်သန်ကျန်ရစ်ရေးမှာ မသေချာတဲ့ ယုံကြည်ရာတွေနဲ့ ပြိုင်ဆိုင် ရပ်တည် လည်ပတ်နေကြရသည်သာ။ သေချာသည်ကား ရှင်သန်ရာသာ။


ဆင့်ကဲဖြစ်စဉ်အရ မည်သည့်အရာကိုမှ မငဲ့ဘဲ ရှင်သန်သူသာ သို့မဟုတ် အသက်မသေဘဲ ကျန်ရစ်နိုင်သူသာ အမှန်တရားလို့ ပြဌာန်းနေသည်ကား ယုံကြည်ရာတွေကိုပါ မငဲ့တဲ့ သဘောပဲ မဟုတ်ပါလား။


ဆိုလိုရင်းသဘောက အသက်တစ်ခုချင်းစီတိုင်းဟာ လုံးဝ တန်ဖိုးကြီးပါကြောင်း...။


#cakkhu

3, march , 2021

No comments:

Post a Comment