ကြေကွဲဇာတ်လမ်း
မလွမ်းချင်သူ၊ ကြေကွဲဖွယ်ရာဇာတ်သိမ်းတွေကို မကြိုက်သူတစ်ဦးအတွက် အလွမ်းဇာတ်တွေကို မလွဲ မရှောင်သာ အကြိမ်ကြိမ်ကြုံတွေ့နေရခြင်းသည်လည်း ၀ဋ်တစ်ခုပင်ဖြစ်၏ ။
လွန်ခဲ့သည့် နှစ်သုံးဆယ်ကျော်က ကျွန်တော် တာ၀န် ကျရာ မြို့က နယ်မြို့ဆိုတော့ တစ်ယောက် နဲ့တစ်ယောက် မျက်မှန်းတန်းမိတာများသည်။ သူ ဘယ်သူလဲ၊ ကိုယ်ဘယ်သူလဲဆိုတာ သိကြ သည်။ မိဘအရွယ်၊ ဦးလေး၊ အဒေါ်အရွယ် စားအိမ် သောက်အိမ်ဖြစ်နေတာလည်းရှိသည်။ သက်တူရွယ်တူ သောက်ဖော်စားဖက် တွေလည်းရှိ သည်။ သံယောဇဉ်နွယ်နေ သူတွေလည်း ရှိသည်။
ဒါပေမယ့် ဘယ်လိုမှ မေ ျှာ်လင့်မထားတဲ့ မုန်တိုင်းနှင့် ကျွန်တော်တို့ ကြုံခဲ့ရသည်။ မုန်တိုင်းကို ကျော်ဖြတ်ရင်း ကြေကွဲစရာ တွေကြုံခဲ့ရသည်။ ဇာတ်လမ်းပြီးသွားတော့ မြို့လေးနှင့် ကျွန်တော် တို့ သူစိမ်းပြင်ပြင်ဖြစ်သွားသလိုခံစား ခဲ့ရသည်။ လေထုထဲမှာ အေးစက်တင်းမာမှုတွေ ပြည့်နေခဲ့ သည်။ ခင်မင်ခဲ့သူတွေ အချင်းချင်း နှုတ်ဆက်ရမှာကို ပင် မဝံ့မရဲဖြစ်နေရသည်။ တစ်ချို့ မိတ်ဆွေ သူငယ်ချင်းတွေက အဝေးကို လွင့်ထွက်သွားကြသည်။ ဘယ်တော့မှ ပြန်မဆုံရတော့။ တစ်ချို့က စည်းတစ်ဘက်ခြားသွားကြသည်။
ညီငယ် လေးတစ်ယောက်ရဲ့ သံယောဇဉ်လေးက နယ်စပ်တစ်နေရာကနေ ပြက္ခဒိန် တစ်စောင် ပြန်ပို့လိုက်သည်။ ပြက္ခဒိန်ရဲ့ စာမျက်နှာတစ်ခုမှာ သူ့သံယောဇဉ်လေး ရဲ့ဓာတ်ပုံပါသည်။ ဓာတ်ပုံမှာ သူ့သံယောဇဉ်လေး စစ်၀တ် စုံ အပြည့် ၀တ်ဆင်လို့၊ ခြေတစ်ဖက်က သစ်ငုတ် ပေါ်မှာတင်လ ျှက်၊ လက်ထဲမှာ သေနတ်ပြောင်းကို မိုးပေါ်ထောင်ပြီး ကိုင်ထားသည်။ ပြက္ခဒိန် နှင့် အတူပါလာသည့် စာမှာတော့ စစ်မြေပြင်မှာ ပြန်ဆုံရင် သေနတ်မောင်းခလုတ်ဆွဲဖို့ လက်တွန့်မှာ မဟုတ်ကြောင်း တိုတိုရှင်းရှင်းရေးထားသည်။ ညီငယ်လေးကတော့ “သူလုပ်ရက်ရင်တောင် ကျွန်တော်မလုပ်ရက်ပါဘူး” ဟု ကြေကွဲစွာ အကြိမ်ကြိမ်ပြောကြားနေခဲ့သည်။ နှလုံးသား ဒဏ်ရာ ကို လွဲမှားသောနည်းဖြင့် ကုစားခဲ့သည့် ညီငယ်လေးမှာ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ဘ၀ကို အဆုံး သတ်သွားခဲ့သည်။
မုန်တိုင်း ကြောင့်ရခဲ့သည့်ဒဏ်ရာတွေက နက်ရှိုင်းလွန်းလှ သည်။ ဆယ်စုနှစ်နှစ်ခု သုံးခုဖြတ်ကျော်ခဲ့ရ၊ လူတွေက ရင့်ကျက်လာခဲ့တာတောင် အတွင်းဒဏ်ရာတွေ က ကျန်နေ ဆဲဖြစ်သည်။ ဒဏ်ရာတွေလုံးဝပျောက်သွားတာမဟုတ်၊ နောက်ထပ် အလွမ်းဇာတ်တစ်ခုနဲ့ ပြန်မကြုံရအောင် ကြိုးစားခြင်းက အ ကာင်းဆုံး ကုစားခြင်းဖြစ်သည်ဟု ယုံကြည်သည့်အတွက် ဒဏ်ရာတွေကို မေ့ထားပြီး ရှေ့ ဆက်နိုင်ဖို့ ကြိုးစားခဲ့ကြတာပဲရှိသည်။ မုန်တိုင်းတွင်း နှင့် မုန်တိုင်း လွန်ကာလမှာ စည်းတစ်ဘက်ခြားခဲ့သူတွေ ပြန်ဆုံတဲ့အခါ ဖြစ်ခဲ့တာတွေ ပြန်ပြောဖို့ထက် ဖြစ်သင့်တာတွေကို ဘယ်လို လုပ်မလဲဆိုတာဆွေးနွေးနိုင်ဖို့ ကြိုးစားခဲ့ရသည်။
ဒီလိုနဲ့လွန်ခဲ့သည့် ဆယ်နှစ်ကတော့ ဒဏ်ရာတွေကို အမြစ်ပြတ်အောင် ကုစားနိုင်မယ့် အခွင့်အရေး တစ်ခုကြုံခဲ့ရသည်။ ကိုယ်တိုင်လည်း တတ်နိုင်သမ ျှလည်း ပါ၀င်ကြိုးစားခဲ့သည်။ ကိုယ့် ခံစားချက်တွေကို သူတို့ နားလည်အောင်၊ သူတို့ခံစားချက်တွေကို ကိုယ့်ဘက်က နားလည် နိုင်အောင် အတွေးအမြင် တွေ ဖလှယ်ခဲ့ကြသည်။ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ငြင်းခုန်ရတာလည်းရှိသည်။
ဒီလိုနဲ့အားလုံးပါ၀င်နိုင်တဲ့ ကစားကွင်းတစ်ခုရှိလာခဲ့သည်။ ပြီးပြည့်စုံတယ်လို့ မဆိုနိုင်သည့်တိုင် လက်ရှိ အခြေအနေအတွက် ကစားလို့ရသည့် ကစားပွဲစည်းမျဉ်းတစ်ခုရှိသည်။ အားပေးသည့် ပရိသတ် လည်းရှိသည်။ ကစားပွဲအတွင်း တွန်းတွန်းတိုက်တိုက်ကစားရင်း အငြင်းပွားတာလည်း ရှိသည်။ ဒိုင် အဆုံးအဖြတ်ကို စောဒကတက်တာလည်းရှိသည်။ သူ့ပရိသတ် ကိုယ့်ပရိသတ် အပြန်အလှန် အပြိုင်အဆိုင်အားပေးကြသည်။ သို့သော် အားလုံးလက်ခံထားသည့် စည်းမျဉ်းတွေအတိုင်း ကစားနေသရွေ့ ပြဿနာမရှိ။ ပွဲမပျက်။ ပြိုင်ဆိုင်မှုပြင်းထန်ပေမယ့် မှန်ကန်တဲ့ ဦးတည်တစ်ခုနဲ့ အရွေ့တစ်ခုကို စတင်နိုင်ခဲ့သည်ဟု ခံစားရသည်။ နောက်ထပ် အလွမ်းဇာတ်တွေ ၊ ကြေကွဲဖွယ်ရာဇာတ်သိမ်းတွေနှင့် မကြုံရ ၊ မကြည့်ရတော့ဟု ယုံကြည်မိသည်။
ဒါပေမယ့် လွန်ခဲ့သော နှစ်မှာတော့ မိုးကုတ်စက်ဝိုင်းအဝေးတစ်နေရာမှာ မုန်တိုင်း အရိပ်လက္ခဏာတွေ မြင်လာခဲ့ရသည်။ စိုးရိမ်သူတွေက သတိပေးကြသည်။ မိုးခြိမ်းသံကို လက်ခုပ်သံဟု ယုံကြည်နေသူတွေက မုန်တိုင်းသတိပေးချက်ကို အလေးမထားခဲ့။ ဒီလိုနဲ့ လေနီကြမ်းဆင် မုန်တိုင်း၀င်လာချိန်မှာ ဆယ်စုနှစ်တစ်ခုတည်ဆောက်ထားရသည့်အရာတွေ အားလုံးပြိုလဲသွားခဲ့ပြီ။ ဒဏ်ရာတွေများလှတဲ့ လူ့အဖွဲ့အစည်းမှာနောက်ထပ် ဒဏ်ရာတွေ ထပ်ရခဲ့ ပြန်ပြီ။ အချိန်မတိုင်မီ ကြွေလွင့်သွားသော ပန်းလေး တွေကြောင့် လောက အလှပျက်ရပြန်ပြီ။ ကိုယ်ရေးတဲ့ ကစားပွဲစည်းကမ်း ကိုယ်ပြန်ဖျက်ခဲ့သည့်အတွက် ဇာတ်လိုက်ဖြစ်ချင်သူက လူကြမ်း ဖြစ်ခဲ့ရပြီ။
မလွမ်းချင်သူ၊ ကြေကွဲဖွယ်ရာဇာတ်သိမ်းတွေကို မကြိုက်သူတစ်ဦးအတွက် အလွမ်းဇာတ်တွေကို မလွဲ မရှောင်သာ အကြိမ်ကြိမ်ကြုံတွေ့နေရခြင်းသည်လည်း ၀ဋ်တစ်ခုပင်ဖြစ်၏ ။
#yehtutarticle
#Essay
No comments:
Post a Comment