@အဓိပတိကမ္မ

Thursday 30 November 2023

မိုးတင့်ဆွေ

 " ဒီတစ်ခါတော့ " 


တရုတ်စစ်သင်္ဘောတွေ ရန်ကုန်ကို ချစ်ကြည်ရေးဆိုပြီး ရောက်လာတယ် ။ 

-

မြောက်ပိုင်းမှာတော့ (တရုတ်မွေးထားတဲ့ သူပုန်တွေလို့ပြောနေကြတဲ့ အဖွဲ့တွေနဲ့) စစ်တိုက်နေကြပြီး တရုတ်ဖက်ခြမ်းမှာ တရုတ်စစ်တပ် ထိုင်စောင့်နေတယ်။ 

-

ဒီလိုကိစ္စက အခုမှဖြစ်တာ မဟုတ်ဘူး ။ အရင်ကလည်း ခဏခဏဖြစ်ခဲ့ဖူးသလို နောင်လည်းအမြဲဖြစ်နေမယ့် ကိစ္စပါ ။ ဒီတော့မြန်မာနိုင်ငံက အမြဲအခုလို အဖြစ်ခံနေတော့မှာလား။ 

-

မခံချင်တော့ဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ ။ 

-

အဲ့ဒီအဖြေကို သက်ဆိုင်ရာအစိုးရမှမဟုတ်ဘူး မြန်မာနိုင်ငံသားအားလုံး စဉ်းစားကြသင့်တယ်လို့ ထင်တယ်။ ဘာလို့ဆို အခုစစ်က ထင်တာထက်အများကြီးမြှုပ်ကွက်ရှိတယ်လို့ ယူဆတယ်။ ( အစ္စရေးထိ ရောက်မလား ပဲ။ ) 

-

အခုတစ်ခေါက် မြောက်သုံးဖွဲ့လုပ်ရပ်က ဆုံးရှုံးမှုကြီးမားတယ်။ အသက်တွေလည်း အများကြီးပေးလိုက်ကြရ တယ်။ ဘယ်ဖက်ကသေသေ မြန်မာတွေချည်းပဲ။ မြှောက်ပေးတဲ့သူတွေပဲ အကျိုးများသွားကြတယ်။ 

-

တကယ်တမ်း မြောက်သုံးဖွဲ့လည်း ရေရှည်သူတို့သိမ်းထားတဲ့ဒေသတွေကို စိုးမိုးထားနိုင်မှာမဟုတ်ဘူး။ 

-

မြန်မာနိုင်ငံက ဘယ်တော့တရုတ်ကို မာမာထန်ထန် ပြန်ဆက်ဆံနိုင်တော့မှာလဲလို့ တစ်ယောက်မေးလာ တယ်။ တရုတ်က ချမ်းသာသွားပြီ ဘယ်တော့မှ မရတော့ဘူးလို့ အလွယ်ပြန်ဖြေလိုက်တယ်။ အမှန်တော့ လက်နက်ကိုင်သောင်းကြမ်းသူတွေ ရှိနေသရွေ့ မရနိုင်တာပါ။ 

-

မြန်မာနိုင်ငံမှာ လက်နက်ကိုင်သောင်းကြမ်းသူတွေ မရှိတော့ဘူးဆိုရင် တရုတ်မှမဟုတ်ဘူး နိုင်ငံတိုင်းကို မာမာထန်ထန် ဆက်ဆံနိုင်ရုံမကဘူး စစ်တပ်လည်း နိုင်ငံရေးမှာ ပါနေစရာ အကြောင်းမရှိတော့ဘူး။ 

-

အဲ့ဒါရဲ့ ဆန့်ကျင်ဖက်က လက်နက်ကိုင်တွေရှိနေသရွေ့ ဆန့်ကျင်ဖက်တွေသာဖြစ်ပြီး မြန်မာဘယ်တော့မှ ဘာမှဖြစ်မှာမဟုတ်ဘူး။ မြင်အောင်ကြည့်ကြပေါ့။ 

-

အဲ့တော့ မြန်မာနိုင်ငံကို အဆင်မပြေဖြစ်နေစေတာ ဘာလဲဆိုတာမြင်အောင် ကြည့်ဖို့လိုတယ်။ မြင်ရင်ဘယ် လို လုပ်မလဲ တွေးဖို့လိုမယ်။ 

-

လောလောဆယ် ဆွေမျိုးပေါက်ဖော်ဆိုပြီး ချစ်ကြည်ရေးလာလုပ်တဲ့တရုတ်က နယ်စပ်မှာ သူဆန္ဒအထိုက် အလျောက် ပြည့်သွားပြီဆိုတော့ (သူမွေးထားတဲ့သူပုန်တွေ သက်သာရအောင်လို့လား မသိဘူး) အပစ်ရပ်ဖို့က စလာတယ်။ 

-

ဒီအချိန်အပစ်ရပ်ပြီး ငြိမ်းချမ်းရေး ညှိနှိုင်းပါမယ်ဆို ဖြစ်သင့်ပါ့မလား။ မြန်မာပြည်သူတွေဖက်က ကျေနပ်ပါ့ မလား။ 

-

မြန်မာစစ်တပ်က သူပုန်တွေကို မနိုင်နိုင်လို့ အပစ်ရပ်ရမယ်ဆိုရင်တော့ မပြောလိုတော့ဘူး။ မဟုတ်ဘူး မြန်မာစစ်တပ်က သူပုန်သောင်းကြမ်းသူတွေကို နိုင်အောင်တိုက်နိုင်တယ်ဆိုရင် မြောက်သုံးဖွဲ့ကို အမြစ်ဖြတ်ပြစေချင်တယ်ဆိုတဲ့ ပြည်သူတွေများပါတယ်။ အနည်းဆုံး ပညာတော့ပေးလိုက်စေချင်ကြတယ်။ 

-

ဆန္ဒပြင်းပျတဲ့တချို့ သူတို့ကို သေနတ်ပေး ဝင်တိုက်မယ်လို့လာပြောကြတာ တော်တော်များတယ်။ 

-

နောက်တစ်ခုက ကိုးကန့်ပြောခွင့်ရလူက စေ့စပ်ရေးလုံးဝလက်မခံဘူးပြောသလို နောက်တစ်ဆင့် ထပ်မြှင့်မယ့် စစ်ဆင်ရေးကို စောင့်ကြည့်လို့ စိမ်ခေါ်ထားတယ်။ သူတို့ဖက်ကတော့ လုံးဝမလျော့နိုင်ဘူး၊ မရှုံးနိုင်ဘူးဆိုတဲ့ပုံ ပြောလာတယ်။ 

-

SSPP တို့ ' ဝ ' တို့ ကိုးကန့်ထဲဝင်ပါထားတယ်လို့လည်း အတည်မပြုနိုင်တဲ့ သတင်းတွေက ဆိုတယ် ။ 

-

တရုတ်ဖက်ကကြည့်ရင် မြန်မာအစိုးရရယ်၊ ကိုးကန့်တအာင်းအစရှိတဲ့ လက်နက်ကိုင်တွေရယ် ခဏခဏ စစ်ဖြစ်နေတယ်ဆိုတာထက် ' ဝ 'လို စိတ်ချလက်ချတည်ငြိမ်ပြီး အသုံးချလို့ရတဲ့တစ်ခုကို နယ်စပ်မှာပိုလိုချင် လိမ့်မယ်။ 

-

တရုတ်အတွက် ' ဝ ' ဒေသက ညှိနှိုင်းစရာမလိုတဲ့ဒေသပါ။ အဲ့လိုဒေသတွေ မြန်မာနိုင်ငံမှာ များလာလေ တရုတ်က မြန်မာနိုင်ငံကို သေနတ်ဖောက်စရာမလိုဘဲ သိမ်းထားနိုင်လေပဲ။ 

-

ဒီအတွက်ကြောင့် လောက်ကိုင်နဲ့ ချင်းရွှေဟော် ကွန်လုံဖက်မှာ ကိုးကန့်ကိုထားပြီး နမ့်ခမ်းဖက်မှာ TNLA ကို အထိုင်ချထားချင်တာလားဆိုတာ တွေးမိတယ်။ မြန်မာစစ်တပ်က အဲ့ဒီအဖွဲ့တွေကို ' ဝ ' နယ်လို ဝင်မပါနဲ့ ဆိုတာမျိုးပေါ့။ 

-

ဒါဆိုနယ်စပ်ဒေသအတွက် မြန်မာအစိုးရနဲ့ တရုတ် ဘာမှညှိနေစရာ မလိုတော့ဘူးပေါ့။ 

-

ကိုးကန့်က ' ဝ ' လိုမျိုး နေရာယူပြီး နယ်စပ်တစ်နေရာမှာ ရပ်တည်တော့မယ်၊ ကျန်တဲ့အဖွဲ့တွေလည်း အဲ့လို နေရာတွေခွဲယူပြီး ရပ်တည်တော့မယ်ဆိုတဲ့ ပုံစံမျိုးမြင်လာရတယ်။

-

တရုတ်က နယ်စပ်မှာ သူ့တပည့်တွေ ထားချင်တယ်။ မြန်မာပြည်သူတွေက အဲ့ဒီတပည့်တွေအားလုံး ချုပ်ငြိမ်း သွားစေချင်တယ်။ 

-

ဘာဆက်လုပ်မလဲ၊ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပဲ။ 


မိုးတင့်ဆွေ (ရန်ကုန်တက္ကသိုလ်)

No comments:

Post a Comment