"အမှောင်ထဲငါရောက်သွားရော
ဘယ်သူမှ မရှိကြဘူး........၊
နောက်ဆုံးတော့ အမှန်တရားက နိုင်လိမ့်မယ်"
ကိုညီထွဋ်သီချင်းပါ။
မကြားဖူးသူ မရှိလောက်ပါ။
ကိုညီထွဋ်ကို ကျနော် စားပွဲထိုးဘဝကတည်းက
ကြိုက်ခဲ့တာပါ။ ဂျက်ပစီမိုးတိမ်၊ ခရီးသွားမီးခိုးတန်း
များ၊ ဆေးဆိုးပန်းရိုက်မျက်နှာ စတဲ့ သီချင်းတွေက
အစထား။ ဆေးဆိုးပန်းရိုက် ဆို ၉၃ ခုအကျော်က
ထွက်တာလား ပင်မသိ။
လူတွေက ကလေးထဲက ထူးခြားဝါသနာကိုယ်ဆီ
ပါပုံရပါတယ်။ ကိုညီထွဋ်သီချင်း ကျနော်ကြိုက်တယ်
ဆိုပေမဲ့ အတွေးအခေါ်ဆန်တဲ့၊ ဒဿနဆန်တဲ့
သီချင်းမျိုးကို ပိုကြိုက်တာပါ။ အချစ်သီချင်းတွေ
သိပ်မကြိုက်ပါဘူး။
ပြီးတော့ ကျနော်က တစ်လျှောက်လုံး လ္ဘက်ရည်ဆိုင်
နဲ့ ကြီးလာတာဆိုတော့ သီချင်းတော်တော် များများ
သိနေပါတယ်။ ရနေပါတယ်။ ကျနော် မသိတဲ့ သီချင်း
ရှားပါတယ်။ ၂၀၀၈ နောက်က သီချင်းတွေလောက်
ပဲ မသိတော့တာပါ။
ဒီမှာ ကျနော်က ဗေဒင်ဟော၊ စာအုပ်အချို့အကြောင်း
ပြော၊ လူကြီးလို နေထိုင်နေတော့ အချို့ လူငယ်ဆန်
တဲ့ သီချင်းတွေ ၊ အခြားအကြောင်းတွေကို ကျနော်
မသိလောက်ဘူးလို့ ကျနော်နဲ့ ပေါင်းတဲ့ ကလေးတွေ
က ထင်မှတ်တတ်ကြတယ်။ အဲဒါ ခက်တာပဲ။
ဗေဒင်ဟောနေတယ်ဆိုတာနဲ့ပဲ စနေ တနင်္ဂနွေလောက်
ပဲ သိမယ်လို့ ယူဆလိုက်တာကိုက သူတို့လွဲနေတာပါ။
ဒါက ကျနော်ကိုမှ မဟုတ်ပါဘူး။
ဘယ်သူ့ကိုမှ လျှော့တွက်မထားသင့်ပါဘူး။
ဒီလူက ကကြီးအလုပ်လုပ်နေတာမို့ ခခွေးအကြောင်း
မသိလောက်ဘူး တွက်ထားရင် လွဲတတ်ပါတယ်။
ဒါ လူကို ကြိုတင်သတ်မှတ်ထားရင် လွဲတတ်တာ
ကို သတိပေးတာပါ။ ကျနော် ကိုဖိုးသိကြီးလို့
ထုတ်ပြောလိုရင်း မဟုတ်ပါ။
၂။
"နောက်ဆုံးတော့ အမှန်တရားက နိုင်လိမ့်မယ်"
ဒီစာသားကို ရှင်းချင်တာပါ။
Happy ending တို့၊ ဓမ္မက အောင်ပွဲဆင်တာ
တို့၊ လူကောင်းက လူဆိုးကို နိုင်လိုက်တာတို့
စတဲ့ ဖြစ်စဉ်တွေ အားလုံးဟာ ကိုညီထွဋ် သီချင်းစာသား
လိုပါပဲ။ အမှန်တရားက အဆုံးမှာ နိုင်မှာပေါ့။
ဟုတ်ကဲ့ ဘယ်တော့လောက် နိုင်မှာလဲဗျ။
ဘယ်လောက်ကြာမှာလဲ။
ဆယ်နှစ်လား ၊ အနှစ်နှစ်ဆယ်လား၊ အနှစ်ငါးရာလား။
နေကို ဗဟိုပြုပြီး ကမ္ဘာက လည်ပတ်နေရတာလို့
ပြောဆိုခဲ့တဲ့ ကိုပါးနီးကပ်ကို ခရစ်ကျောင်းတော်က
သေဒဏ်ပေးခဲ့ပါတယ်။ မိစ္ဆာဒိဋ္ဌိလို့ စွပ်စွဲပြီး။
ကျောင်းတော် အယူက ကမ္ဘာမြေက ဗဟို၊ နေကသာ
ကမ္ဘာကို ခစားလှည့်ပတ်နေရတာ။ ဒါကို ပြောင်းပြန်
လာပြောတဲ့ ကိုပါးနီးကပ်ကို မိစ္ဆာဒိဋ္ဌိအမှားကောင်
လို့ စွပ်စွဲပြီး သေဒဏ်ပေးကြပါတယ်။
ဒီအဖြစ်က ယခု ၂၁ ရာစုကနေ ပြန်ရေတွက်ရင်
ရာစု ၅ ခုကြာသွားပြီ။ နှစ် ငါးရာကြာပါပြီ။
အဲဒါ အခု ရာစုမှ ခရစ်ကျောင်းတော်က ကိုပါးနီးကပ်
အမှုအပေါ် ပြန်တောင်းပန်ကြပါသတဲ့။
ဟုတ်တယ်ဗျာ အမှန်တရားက နိုင်တာပါ။
ဒါပေမဲ့ နှစ်ငါးရာ ကြာတယ်။
တော်စတွိုင်းဝတ္ထုတစ်ပုဒ်လို့ ထင်ပါတယ်။
မေ့နေပြီ။ အသက် သုံးဆယ်ပင် မပြည့်တတ်သေး
တဲ့ အိမ်ထောင်သည်ယောက်ျားတစ်ယောက်ကို
လူသတ်မှုနဲ့ မှားဖမ်းပါတယ်။ ဂျူရီလူကြီးမင်းတွေ
အားလုံးက သူသတ်တယ်ပဲ မှတ်ချက်ချပြီး တစ်သက်
တစ်ကျွန်းချပါတယ်။
ဘဝပျက်ပြီပေါ့။ မိသားစုဘဝတွေ အိမ်မက်တွေ၊
ရည်ရွယ်ချက်တွေ၊ သူ့ဘဝအားလုံး ထောင်ထဲ
စတေးလိုက်ရတယ်။
ဒီလိုနဲ့ ထောင်ထဲမှာပဲ အသက်ကြီးသွား၊
အိုသွား၊ အသက် ၇၀ ဆယ်လောက်ရောက်မှ
လူသတ်သူ အစစ်ကို သိလိုက်ကြရတယ်။
လူသတ်သူ အစစ်ကလည်း သူသတ်ကြောင်း
ထုတ်ဖော်ပြောကြားတယ်။
အဲဒီကြမှ အပြစ်မရှိဘူးဆိုပြီး လူအိုကြီးကို
လွှတ်ပေးလိုက်တယ်။
ဟုတ်တယ်ဗျ အမှန်တရားက နိုင်တာပဲ အဆုံးမှာ။
ဒါပေမဲ့ အနှစ် လေးဆယ်လောက် ကြာတယ်။
ဥပမာတွေ၊ ဇာတ်လမ်းတွေ၊ ဖြစ်ရပ်တွေ
အများကြီးကျန်ပါသေးတယ် ပြောစရာက ။
မပြောတော့ပါဘူး။ တိုလိုက်ပါ့မယ်။
အခု နွေဦးအရေးဟာ လေးငါးလ ကြာပြီ။
ငါတို့လည်း မနိုင်သေးဘူး။ ပြောတော့ အမှန်တရား
က နိုင်မှာဆို။ အခုလောက် လချီကြာနေတာ
တောင် ငါတို့ မနိုင်သေးဘူးဆိုရင် ငါတို့လုပ်နေ
တာ အမှန်တရားမဟုတ်လို့ နေမယ်။ အမှန်တရား
မှန်ရင် အခုချိန်လောက်ဆို နိုင်ရမှာပေါ့။
မင်းအောင်လှိုင်တို့ဘက်ကလည်း MRTV မှာ
လွှင့်နေတယ်။ ပြည်သူတွေက အကြမ်းဖက်နေ
တာ။ သူတို့က အေးချမ်းအောင် လုပ်နေတာ။
ဟုတ်လောက်တယ်၊ ငါတို့ မှန်ရင် အခုလောက်ဆို
ငါတို့ နိုင်ရမှာပေါ့။ မနိုင်သေးပုံထောက်ရင် မအလ
တို့ ပြောသလို ငါတို့က မှားနေတာ ဖြစ်မယ်။
စတဲ့ စတဲ့ တွေဝေယိမ်းယိုင် ကြောင်တောင်တောင်
စိတ်ပေါ်လာရင် အထက်က ဖြစ်ရပ်တွေကို
သတိရလိုက်ပါ။
အမှန်တရားက နိုင်ပါတယ် အဆုံးမှာက။
ဒါပေမဲ့ နှစ်ချီ၊ ရာချီ ကြာတတ်တာလည်း ရှိနေတယ်။
မနိုင်သေးတာကြည့်ပြီး မှားနေတယ်လို့ ထင်ရင်
ခစ်ခစ် ပါပဲ။oothaw
No comments:
Post a Comment