အောင်ပွဲရဖို့ နီးပြီလား?
-
ဒီမေးခွန်းကို မဖြေခင်မှာ အရင်ဆုံးစဉ်းစားရမှာက ဘယ်လိုနည်းလမ်းနဲ့ အောင်ပွဲရမှာလဲဆိုတာပါ။ UN က စစ်ရေးအရ ဝင်ဖြေရှင်းပေးမှာလား? US/မဟာမိတ်တပ်က ဝင်လာမှာလား? ဒါမှမဟုတ် ... လူထုတိုက်ပွဲနည်းနဲ့လား? ဒါမှမဟုတ် အခြားဘယ်နည်းလမ်းနဲ့လဲ?
၁။ UN တပ်ဝင်လာနိုင်ခြေ <><> အလွန်နည်းပါတယ်။ အထူးစိုးရိမ်ကြောင်း ပြစ်တင်ရှုတ်ချကြောင်း ဘာလုပ်ဖို့တိုက်တွန်းကြောင်းတွေထက်ပိုပြီး မျှော်လင့်နေတယ်ဆိုရင် ရိုဟင်ဂျာအရေးကို ပြန်စဉ်းစားပါ။ လူသိန်းပေါင်းများစွာအပေါ် ကျူးလွန်ခဲ့တာတောင် Bangladesh ဘက်ထွက်ပြေးသွားလို့သာ ICJ ဆီတင်နိုင်ခဲ့တာဖြစ်တယ်။
လက်ရှိ ICJ ရဲ့လုပ်ငန်းစဉ်က ဘယ်လောက်ကြာတတ်တယ်ဆိုတာ လေ့လာကြည့်ပါ။ အပြီးသတ်စီရင်ချက်ချလို့ ဖမ်းဝရမ်းထုတ်လိုက်ရင်တောင် ဒီနိုင်ငံထဲ ဝင်ဖမ်းမှာမဟုတ်တဲ့အကြောင်း သတိချပ်ပါ။ အခြား လုံခြုံရေးကောင်စီဘာညာမှာလည်း တရုတ်နဲ့ ရုရှားရဲ့ ဗီတိုခံနေမှာကို စဉ်းစားကြည့်ပါ။
R2P နဲ့ပတ်သက်ပြီး UNအရေးကျွမ်းကျင်သူရဲ့ ပြောစကားတွေကို Myanmar Now မှာတင်ထားတာကို ဒီလင့်မှာ ဖတ်ကြည့်ပါ။
https://www.facebook.com/518067831674293/posts/2040257339455327/?sfnsn=mo
၂။ US/မဟာမိတ်တပ်ဝင်လာနိုင်ခြေ <><> အလွန်နည်းပါတယ်။ ကိုယ့်စရိတ်ကိုယ်စိုက်ပြီး ဂျီးဒေါ်နွားကို ဘယ်သူမှ အလကားကျောင်းမှာ မဟုတ်ပါ။ Sanction တွေ၊ မာမာထန်ထန် ရပ်တည်ပေးတာတွေတောင် ဒီမိုကရေစီအရေး ကမ္ဘာ့အရေးမို့လို့ လုပ်ပေးတာပါ။ ဘယ်သူ့ကို Sanction လုပ်လုပ် သူတို့ကိုပါ ထိခိုက်ပါတယ်။
တရုတ်နဲ့အားပြိုင်ဖို့အတွက် အရင်းအနှီးများတဲ့ စစ်ရေးပတ်သက်မှုကို လုပ်ချင်လုပ်ပါလိမ့်မယ်။ သို့သော် ဖြစ်နိုင်ခြေများနေတာမဟုတ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် အင်အားကြီးနိုင်ငံချင်း အားပြိုင်တဲ့ကစားပွဲမှာ ကိုယ့်တော်လှန်ရေးပန်းတိုင်ကို သွားချည်ထားလို့မရပါဘူး။ မရိုသေ့စကားပြောရရင် ဆင်မြှီးခွေးမျှော်တော်လှန်ရေး လုပ်လို့မရပါ။
၃။ လုထုတော်လှန်ရေးနည်းကတော့ လက်တွေ့အကျဆုံးလမ်းပါ။ အောင်မြင်နိုင်မလားဆိုတာကတော့ ခင်ဗျားတို့ ဘယ်လောက်အားထုတ်သလဲအပေါ် မူတည်ပါတယ်။
အင်တာနေရှင်နယ်အသိုင်းအဝိုင်းကြောင့် စစ်ကောင်စီ Legitimacy ကျနေတဲ့အချိန်မှာ ဘယ်လောက်အခွင့်အရေးယူနိုင်မလဲ။ လူမျိုးစုညီညွတ်ရေး ဘယ်လောက်လုပ်နိုင်မလဲ။ မြေပြင်လူထုတိုက်ပွဲမှာ ဘယ်လောက် စနစ်တကျလုပ်နိုင်မလဲ။ ဘယ်လောက်ဇွဲရှိမလဲ အစရှိတဲ့ ကိုယ့်ခြေကိုယ့်လက်ထဲက အရာတွေနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။
Social Influencer တွေ ဆယ်လီတွေကို သာမန်လူထုဆီ ဆိုက်ဝါးသတင်းတွေမဖြန့်နိုင်အောင် ဘယ်လိုစီစဉ်မလဲ? ခုထိတိုက်ပွဲထဲဝင်မပါဘဲ အချောင်နိုင်မယ်ထင်နေတဲ့ NLD အမတ်တွေ၊ ပါတီခေါင်းဆောင်တွေ ဘယ်တော့လောက် လူထုတော်လှန်ရေးဆီ ပူးပေါင်းပါဝင်မလဲ။ မြေပြင်တိုက်ပွဲနဲ့ ကျောချင်းကပ်ထားဖို့ CRPH ဘယ်လိုစီစဉ်မလဲ။ လူတယောက်ချင်းစီရဲ့ ကာယဉာဏဓနစိုက်ထုတ်မှု ဘယ်လောက်အားကောင်းလာမလဲ စတဲ့အချက်တွေအပေါ်မှာ မူတည်နေပါတယ်။
ဘယ်တော့အောင်မြင်မလဲဆိုရင် အောက်မှာပြောထားတဲ့အချက်တွေကို ခင်ဗျားတို့ ဘယ်တော့ပြင်မလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ မြန်ချင်မြန်မယ်။ တသက်တာနီးပါး ကြာချင်ကြာပါလိမ့်မယ်။
#ချက်ချင်းပြင်သင့်တာတွေ
-
ကော်ပီပေ့စတာ တော်လှန်ရေး၊ ဆင်မြှီးခွေးမျှော်တော်လှန်ရေး၊ အဆင်ပြေရင် ဆန္ဒပြကြမယ်ဆိုတဲ့ အလိုက်သင့်တော်လှန်ရေးမျိုးနဲ့တော့ အောင်ပွဲမမျှော်သင့်ပါဘူး။ ခင်ဗျားတို့ရဲ့ တကယ့်ခေါင်းဆောင်ကိုယ်တိုင် အဖမ်းခံထားရတာပါ။ နောက်ထပ်ခေါင်းဆောင်တွေ ကြည့်စီစဉ်လိမ့်မယ်လို့ မျှော်မနေပါနဲ့တော့။
လမ်းလျှောက်ဆန္ဒပြရုံ၊ ပြိုင်တူစုရုံးနှစ်ငါးလုံးရုံနဲ့ အာဏာရှင်ဆင်းပေးမယ်ထင်နေတာ ရပ်သင့်ပါပြီ။ UN နဲ့ US အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ရပါမယ်။ သို့သော် လာကယ်ဖို့မဟုတ်ပါဘူး။ စစ်ကောင်စီရဲ့ Legitimacy ကျဉ်းမြောင်းအောင် သူတို့လုပ်ပေးပါလိမ့်မယ်။ အကြမ်းဖက်နှိမ်နင်းတဲ့ကိစ္စတွေ လျော့နည်းအောင် လုပ်ပေးပါလိမ့်မယ်။ နိုင်ငံတကာက အဲဒီလိုကာပေးထားတဲ့အချိန်မှာ လူထုက ကိုယ်တိုင်တိုက်ယူရမှာပါ။
လက်ရှိအချိန်အထိတော့ လူထုတော်လှန်ရေးအသွင် မပေါ်သေးပါဘူး။ ခိုင်မာတဲ့နိုင်ငံရေး ရပ်တည်ချက် တောင်းဆိုချက်တွေ တညီတညွတ်တည်း မရှိသေးဘူး။ မျှော်တော်ယောင်မှိုင်းမှာ မိန်းမူးနေကြတုန်းပဲ ရှိပါသေးတယ်။ တက်ကြွထက်မြက်တဲ့ အင်အားစုအနည်းငယ်ကသာ လူထုတိုက်ပွဲရယ်လို့ နားလည်ခံယူပြီး ရဲရဲရင့်ရင့် ခုခံတော်လှန်ဖို့ ပြင်ဆင်လှုပ်ရှားနေပါသေးတယ်။
(တကယ်အောင်မြင်ချင်တယ်ဆိုရင် အခုပဲစလိုက်ကြရအောင်ပါ။ စုစည်းညီညွတ်မှုနဲ့ ပန်းတိုင်တခုတည်းဆီ ချီတက်တိုက်ပွဲဝင်ရအောင်ပါ။ ဆင်မြှီးခွေးမျှော် ကော်ပီပေစတာတွေ ရှယ်တာရပ်ပါ။ မြေပြင်တိုက်ပွဲကို ဝင်တိုက်ဖို့ အခြေအနေမပေးရင်တောင် Social Punishment ကို ကိုယ့်ဒေသမှာ သေချာလုပ်ပါ။ CDM ကို အစွမ်းကုန် အားစိုက်ပါ၊ ပံ့ပိုးပါ။ ရပ်ကွက်ထဲထိ အာဏာတည်ဆောက်ပြီးသွားရင် ပြန်တိုက်ဖို့ ပိုခက်သွားမယ်ဆိုတာ သတိချပ်ကြပါ။)
ကိုယ့်ကိုယ်ကို သပိတ်စစ်ကြောင်း အတိုင်ပင်ခံလို့ ထင်မြင်ယူဆနေတာရပ်ပါ။ ဟိုမသွားပါနဲ့ ဒီမသွားပါနဲ့တွေ အမြန်လူစုခွဲပါတွေ ကူးမတင်ကြပါနဲ့။ တကယ်သေချာတဲ့သတင်းပေးချင်ရင် ဖုန်းဆက်ပြီးဖြစ်စေ၊ Messenger ကဖြစ်စေ ပြောပါ။ မြေပြင်တိုက်ပွဲကလူတွေဆီ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေး အကြံပေးပါ။ ပူးပေါင်းပါ။
ပရမ်းပတာပို့စ်တင်တာတွေဟာ ရှေ့တန်းကလူတွေကို အကူအညီမဖြစ်စေတဲ့အပြင် လူထုပါဝင်မှုကိုပါ အားလျော့စေတယ်။ အာဏာဓားပြစစ်ကောင်စီအကြိုက် အကြောက်တရားနဲ့ ငြိမ်ဝပ်ပိပြားရေးကိုသာ ထုတ်လုပ်နေသလို ဖြစ်နေပါတယ်။ ဒါတွေမြန်မြန်ပြင်ရင် အောင်ပွဲရဖို့ နီးစပ်လာပါလိမ့်မယ်။
အရေးတော်ပုံ အောင်ရမည်
#mf
No comments:
Post a Comment