ဟိုကသည်က ကြားရတဲ့ သတင်းတွေကတော့ အကြမ်းဖက်မှုတွေအပေါ် ပြန်လည်ခုခံတိုက်ခိုက်မှုတွေ တွေ့လာရပါပြီ။ ရစက အုပ်ချုပ်သူတွေကို သတ်ဖြတ်တာတွေ ကြားနေရပါပြီ။ ဒီအခြေအနေကို စစ်ကောင်စီဟာ ရဲလောက်နဲ့ မထိန်းနိုင်ရင် နောက်တစ်ဆင့်တက်လိမ့်မယ်ထင်တယ်။ စစ်တပ်ရဲ့ အကြမ်းကြုတ်ဆုံး ပစ်ခတ်မှုတွေကို ထုတ်သုံးလာလိမ့်မယ်လို့ ယူဆရတယ်။
နောက်ဆုံးလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဒီရပ်တည်ချက်ဟာ ထင်ရှားလာပါတယ်။ ညှိစရာ နှိုင်းစရာ မရှိ ဘယ်သူ့စကားမှနားထောင်မှာမဟုတ် လုပ်မယ်လို့ ပိုင်းဖြတ်ထားတဲ့ အဆင့်တွေကိုပဲဆက်လုပ်မယ်ဆိုတဲ့အကြောင်း ပြောသွားတာကိုတွေ့ရပါတယ်။
တပြိုင်နက်တည်းမှာ ရုရှားက ခပ်ခွာခွာလုပ်လာပြီဆိုတဲ့ သတင်းအပြင် တရုတ်ကလည်း ဝင်ညှိဖို့ကြိုးစားနေသလို တရသလက်နက်ကိုင်တွေကိုလည်း ခေါ်ယူညှိနှိုင်းနေတယ်လို့ တစွန်းတစ ကြားရတယ်။ တရုတ်ကိုတော့ ရုရှားလို တွက်ဆလို့မရ သူက စီးပွားရေး စစ်ရေး နိုင်ငံရေးတွေ အားလုံး ကျွံဝင်နေတာဆိုတော့ သူ့နိုင်ငံတွင်းအရေးတစ်ခုလို ကိုင်တွယ်ပါလိမ့်မယ်။ တရုတ်ဘယ်လိုပါဝင်လာမလဲ ဘယ်လောက်အထိပါဝင်မလဲ ကမ္ဘာကရော ဘယ်လိုတုန့်ပြန်မလဲဆိုတာ စိတ်ဝင်စားစရာ အကောင်းဆုံးမေးခွန်းတစ်ခုပါ။
အခုအချိန်မှာ စစ်တပ်ဟာ ကရင် ကချင် လက်နက်ကိုင်တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်နေသလို ရခိုင်ဘက်မှာလည်း ရေမှုတ်တစ်ဘက် မီးစတစ်ဘက်လုပ်ထားလို့ စစ်ပြင်နေတာတွေရှိတယ်။ ပြည်တွင်း ဆန္ဒဖော်ထုတ်မှုတွေ အာဏာဖီဆန်မှုတွေကလည်း အရှိန်မလျော့ပဲ ဆက်တိုးတက်နေတယ်။ စစ်ကောင်စီအကျပ်ရိုက်နေတာ အမှန်ပါ။
မတ်လကုန်လို့မှ စစ်တပ်ဘက်က မထိန်းနိုင်ရင် တဖြည်းဖြည်း ဖရိုဖရဲ အိဆင်းသွားမှာ အသေအချာပါပဲ။ စစ်တပ်ပျက်သုဉ်းခြင်းမဟုတ်ရင်တောင် တိုင်းပျက်ပြည်ပျက်ဖြစ်လို့ ပြည်တွင်းစစ် ဖြစ်နိုင်ခြေဟာ ကြီးထွားလာနေပါပြီ။ လူငယ်တွေမှာ ကျန်းမာရေးနဲ့ အားခွန်တွေရှိတယ် နုပျိုသန်မာမှုတွေရှိတယ် စိတ်ဓာတ်အင်အားတွေရှိတယ် လက်နက်အထောက်အပံ့လိုမျိုး ရရှိလာတာနဲ့ တိုင်းပြည်ဟာ မင်းမဲ့ဇုန်ကြီးထဲကို စိုက်ဆင်းသွားမှာ ဖြစ်ပါတယ်။
တစ်ဘက်မှာလည်း ဘဏ်စနစ်တွေအလုပ်မလုပ်တော့ ပဲ အသက်ငင်နေတယ်။ ဘဏ်တွေ ပြိုလဲရင် မြန်မာ့စီးပွားရေးဟာလည်း ဘုန်းဘုန်းလဲရတော့မှာ ဖြစ်ပါတယ်။ လူတွေဟာရောင်းဝယ်ဖောက်ကားဖို့ကို ဘာတာစနစ်နဲ့တောင် လုပ်ကြရမလား တွေးနေမိတယ်။ အခုလက်ရှိအခြေအနေဟာ ၈၈ ကထက် အများကြီးဆိုးပါတယ်။
မနေ့က တောင်ငူက ဆင်းလာတယ်ဆိုတဲ့ စစ်ရထား ရန်ကုန်ရောက်နေပြီဆိုတဲ့ သတင်းဖတ်ရတယ်။ လက်နက်ခဲယမ်း လူအင်အား စားနပ်ရိက္ခာတွေ သယ်ဆောင်လာမယ် ထင်ရတယ်။ ရန်ကုန်အတွက်သက်သက်မဟုတ် မွန်ကရင်ဒေသတွေအတွက်ပါ ရည်ရွယ်ပုံရပါတယ်။ ပစ်ခတ်မှုတွေ တိုက်ပွဲတွေရဲ့ အရိပ်အငွေ့တွေ သန်းနေပါတယ်။
အာဏာသိမ်းတာမဟုတ် ထိန်းတာပါလို့ ပြောထားတဲ့ စစ်ကောင်စီဟာ ထိန်းတာနဲ့ မတတ်နိုင်ရင် သိမ်းအဆင့် ကို တက်ချင်တက်ပါလိမ့်မယ် မာရှယ်လောနဲ့ ကိုင်တွယ်ချင်ကိုင်တွယ်ပါလိမ့်မယ်။ အဲဒီအခါကျရင် တစ်နိုင်ငံလုံးဟာ စစ်မြေပြင် ဖြစ်သွား ပါပြီ။ ဒီအတွက်ကိုလည်း အားလုံး ပြင်ပြင်ဆင်ဆင်ရှိထား ကြဖို့လိုတယ်။
အခုအချိန်မှာ ဖြစ်နိုင်ခြေက နှစ်ခုပဲမြင်တော့တယ်။ တစ်ခုကတော့ စစ်တပ်က ရှုံးသွားပြီး အရာအားလုံး ရှုပ်ထွေးပြိုပျက်သွားတဲ့ အနေအထားပါ။ မင်းမဲ့အခြေအနေနဲ့ နယ်မြေလု ပြည်တွင်းစစ်ကြီး ကို ကြုံရနိုင်တဲ့ အခြေအနေပါ။
နောက်အခြေအနေတစ်ရပ်ကတော့ နွေဦးတော်လှန်ရေးမအောင်မြင်ပဲ စစ်တပ်က စစ်အာဏာရှင်ခေတ်သစ်ကို ဖော်ဆောင်မဲ့ အခြေအနေပါ။ ဒီအခြေအနေဟာတော့ ၂၀၁၀ ရဲ့ အရင်ကာလကို ဘက်ဂီယာထိုးသွားတာပဲဖြစ်ပြီး စီးပွားရေးပိတ်ဆို့ခံ နိုင်ငံရေးအပယ်ခံ အထီးကျန်တိုင်းပြည်အဖြစ်နဲ့ အဘက်ဘက်က မွဲပြာကျရမဲ့လမ်းပါ။
နိုင်ငံတကာဖိအားကြောင့် စစ်တပ်ကနောက်ကိုပြန်ဆုတ် ခေါင်းဆောင်တွေကိုပြန်လွှတ်ပေး လွှတ်တော်ခေါ်ယူပြီး ခြေဥအသစ်ရေးဆွဲ ရွေးကောက်ပွဲအသစ်လုပ် မြန်မာဒီမိုကရေစီခေတ်သစ်နဲ့ နွေဦးတော်လှန်ရေးအောင်ပွဲ က ကမ္ဘာသမိုင်းမှာ မော်ကွန်းသစ်ရေးထိုး တိုင်းပြည်လွတ်လပ်တိုးတက် ဖယ်ဒရယ်ပြည်ထောင်စုကြီးလည်းပေါ်ထွက်လာ ဆိုတာတွေကတော့ ဖြစ်စေချင်တဲ့ သားရွှေအိုးထမ်းကိန်း ပဲပေါ့။
သားရွှေအိုးထမ်းကိန်း ကို မျှော်လင့်မိပေမဲ့ အခုအချိန်မှာတော့ ဒါဟာ သိပ်ကို ဖြစ်နိုင်ခြေနည်းပါတယ်။ ထာဝရဘုရားသခင်ရဲ့ တန်ခိုးမျိုးကမှပဲ မဖြစ်နိုင်တာကို တတ်နိုင်ပေတော့မယ်။ ဘုရားတောင် တတ်နိုင်ချင်မှ တတ်နိုင်ပါလိမ့်မယ်။
Linhtetswe
No comments:
Post a Comment