written by လင်းထက်ဆွေ
မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ထင်ရှားတဲ့ ခန့်မှန်းချက်ဟောကိန်း ၂ ခုရှိတယ်။
တစ်ခုက သတင်းထောက်စာရေးဆရာ ဘာတေးလစ်တနာ ရဲ့ ဟောကိန်း။ သူ့အမြင်က စစ်အုပ်စုကသာ တိုင်းပြည်ကို ငြိမ်အောင်ထိန်းထားနိုင်မှာ ဖြစ်ပြီးတော့ စစ်အုပ်စုပြောင်းလဲလာမဲ့ နောက် အနှစ် ၃၀-၄၀ လောက်ကျမှပဲ စစ်အုပ်စုထဲကနေ ဒီမိုကရေစီဟာ ပေါက်ဖွားလာလိမ့်မယ်လို့ ဆိုခဲ့တာမျိုး ရှိတယ်။ စစ်အုပ်စုက နိုင်ငံရေးကနေ တဖြည်းဖြည်းချင်း ဆုတ်ခွာသွားတဲ့ မိုဒယ်မျိုး ကို ရည်ညွှန်းပါတယ်။
နောက်တစ်ခုက သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးရဲ့ဟောကိန်း။ သူကတော့ အတိတ်သမိုင်း နဲ့ မြန်မာနိုင်ငံဖွဲ့စည်းပုံပေါ်အခြေခံပြီး ပြောတာက မကြာခင် မြန်မာနိုင်ငံဟာ ပြိုကွဲသွားပြီး နိုင်ငံတွေအများပေါ်လာနိုင်တယ်ဆိုတာမျိုး ဖြစ်တယ်။ သူ့အမြင်အရဆိုရရင် လက်ရှိ မြန်မာ့အချုပ်အခြာဟာ စစ်အင်အားနဲ့ စုချည်ထားတာမျိုးပဲဖြစ်ပြီး တိုင်းပြည်တွင်းမှာ အတွင်းစည်းလုံးမှု အစေးကပ်မှုမရှိဘူးလို့ဆိုတယ်။ တပ် က အင်အားယုတ်သွားတာနဲ့ တိုင်းရင်းသားနယ်မြေတွေဟာ ကိုယ်ပိုင်နယ်မြေတွေထူထောင်ပြီး အဆိုးဆုံးအခြေအနေမှာတော့ အစိတ်စိတ်ကွဲထွက်သွားနိုင်တယ်လို့တောင် မြင်ထားပါတယ်။
၂၀၀၈ စစ်ကျွန်ခြေဥဟာ ဖယ်ဒရယ်ကို အယောင်ပြထားပေမဲ့ စစ်တပ်ပါဝါကို ကျောရိုးအမာခံပြုထားတဲ့ စနစ်တစ်ခုဖြစ်တာကိုတွေ့ရတယ်။ ဒီမိုနည်းကျ ရွေးကောက်ပွဲတွေ လုပ်ပေးပေမဲ့ အဓိကထိန်းချုပ်မှုလက်တံတွေကို စစ်တပ်ကပဲ ကိုင်ထားတဲ့ အနေအထားမျိုး ပါ။ ဒီစနစ်နဲ့သွားပြီး စစ်အာဏာရှင်စနစ်နဲ့ ဖားတပိုင်းငါးတပိုင်းဒီမိုကရေစီ ကို ထိန်းကျောင်းပြီး တဖြည်းဖြည်းရွေ့မယ် တစ်ချိန်မှာ ဘာတေးလစ်တနာပြောသလို တပ်ဘက်ကပဲ ဖြည်းဖြည်းလျှော့ပေးဆုတ်ခွာသွားတဲ့ အခင်းအကျင်းမျိုးကို နှစ် ၃-၄၀ ကြာအောင်ထိန်း ကစားသွားမဲ့ သဘောပေါ့။
အခု အာဏာသိမ်းအဖြစ်အပျက်ကတော့ အဲဒီရှုခင်းကို ရုတ်တရက်ကြီးဖျက်ဆီးလိုက်သလိုဖြစ်သွားတယ်။ တကယ်တော့ ဒီချုပ် သောင်ကမ်းပြိုနိုင်လည်း ဘာပြဿနာမှမရှိ ဘယ်လိုနည်းနဲ့ပဲနိုင်နိုင် စစ်တပ်က အသာထိုင်ကြည့်နေ ၂၀၀၈ စည်းရိုးကို ကာထားပေးရုံနဲ့ ပြည်သူလူထုကလည်း ငြိမ်နေကြမှာပါပဲ။ ဒါကို မဆင်မခြင် မြောက်ပေးတိုင်းထွက်ကလိုက်တော့ အားလုံးဟာ ဖရိုဖရဲ ဖြစ်သွားရတယ်။
လက်ရှိအခြေအနေတွေဟာ ဒေါက်တာသန့်မြင့်ဦးပြောတဲ့ မြင်ကွင်းဘက်ကို ပိုပြီး နီးစပ်လို့သွားရပါတယ်။ စစ်တပ်ဟာ ၁၉၈၈ မျိုးဆက်တွေကို ဖိနှိပ်ပြီး ထူထောင်ခဲ့ဖူးတဲ့ စစ်အာဏာရှင်စနစ်ခေတ်ကြီးကို ပြန်လည်တမ်းတဖြတ်သန်းဖို့ အသင့်ရှိနေတယ်လို့ ပြောပေမဲ့ တကယ်လက်တွေ့မှာ ဒီလိုပြန်မဖြစ်နိုင်တော့တဲ့ အနေအထားတွေ မြင်နေရပါတယ်။ နည်းပညာခေတ်အပြောင်းအလဲ လူငယ်တွေရဲ့ နိုးကြားမှု ကမ္ဘာ့မီဒီယာတွေရဲ့ မျက်လုံးတွေ နဲ့ အတူ စီအာရ်ပီအိပ်ချ်လို အဖွဲ့မျိုးတွေ တည်ရှိချိတ်ဆက်လှုပ်ရှားနေကြပြီဖြစ်လို့ အခုအထိ တရားမဝင်သေးတဲ့ စစ်ကောင်စီဟာ ဘေးကျပ်နံကျပ်ဖြစ်နေပါပြီ။ လက်နက်အင်အားနဲ့ အတင်းဖိရင် ပေါက်ကွဲထွက်သွားနိုင်မဲ့ အနေအထားရှိနေပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေဟာလည်း အခွင့်အခါကိုစောင့်ကြည့်နေပြီး ဓားသွေးလို့စောင့်နေကြတာဖြစ်ပါတယ်။ လက်ရှိတပ်က သူတို့ကို ချွေးသိပ်ပေါင်းထားပြီး စစ်မျက်နှာလျော့ချဖို့ကြိုးစားပေမဲ့ တိုက်ပွဲတွေဖြစ်တဲ့နေရာတွေမှာ ဖြစ်နေဆဲပါ။ ကရင်ပြည်နယ် ကချင်နဲ့ ရှမ်းမြောက်ဒေသတွေမှာ စစ်ရေးတင်းမာမှုတွေရှိလာနိုင်ပါတယ်။
ရခိုင်ဒေသမှာဆိုရင် အေအေက သွေးနဲ့အရိုးတွေနဲ့ တည်ဆောက်ထားတဲ့ ပြည်သူ့အုပ်ချုပ်ရေးအခြေခံတွေဟာ ခိုင်မာနေပါပြီ အေအေကလည်း အင်အားသောင်းသိန်းချီရှိနေပြီမို့ နယ်မြေစိုးမိုးရေးအတွက် အဆင်သင့်ဖြစ်နေပြီလို့ဆိုနိင်ပါတယ်။ အနည်းဆုံးကိုယ်ပိုင်အုပ်ချုပ်မှုဒေသ အလယ်အလတ်ဆို ကွန်ဖက်ဒရိတ် နဲ့ အမြင့်ဆုံး သီးခြားပြည်ထောင်တစ်ခုအဖြစ်တောင် စိတ်ကူးယဉ်ချင်ယဉ်နေကြမှာပါပဲ။ အင်အားအကြီးဆုံးလက်နက်ကိုင်ဖြစ်တဲ့ ဝပြည်နယ်ဆိုတာကတော့ ကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေတောင် အသင့်ရှိနေကြပါပြီ။
ဒီအခြေအနေတွေအားလုံးဟာ သမိုင်းပညာရှင်ဒေါက်တာသန့်မြင့်ဦး စိုးရိမ်ပူပန်ခဲ့တဲ့အတိုင်း ဖြစ်လာနေပါပြီ။ ပြည်သူနဲ့ အာဏာရှင် အစေးမကပ်တော့တဲ့အခါမှာ နာခံမှုကို သေနတ်နဲ့ထောက်ပြီး အမိန့်ပေးလို့မရတော့တဲ့အခါမှာ ပြည်တွင်း အုပ်ချုပ်ရေးနဲ့ ဝန်ဆောင်မှု ယန္တရားတွေ အကုန်လဲပြိုလို့ ကျရှုံးတိုင်းပြည်တစ်ခု အဖြစ်ကိုဆိုက်ရောက်သွားနိုင်တယ်။ လက်နက်ကိုင်ဒေသတွေက တစ်ပြိုင်တည်း ခွဲထွက်ကြရင် အခြေအနေကို စစ်တပ်အနေနဲ့လည်း စစ်ရေးအရရော နိုင်ငံရေးအရပါ ထိန်းသိမ်းနိုင်ဖို့ရာ တကယ်မလွယ်တော့ပါဘူး။
တကယ်တော့ လက်နက်အင်အားသက်သက်နဲ့ ဖိနှိပ်ထားနိုင်တဲ့ တိုင်းပြည်အင်ပါယာတွေဆိုတာ ဆိုဗီယက်ပြည်ထောင်စုကိုပဲ နမူနာကြည့်ရင် သိပ်ကြာကြာမခံနိုင်ပါဘူး။ နှစ် ၁၀၀ မပြည့်ခင် ပြိုကွဲကြရတာပါပဲ။ တရားမျှတခြင်း လွတ်လပ်ခြင်း တန်းတူညီမျှခြင်းအခွင့်အရေးတွေ လူသားရပိုင်ခွင့်တွေ ကို အာမခံပေးထားနိုင်တဲ့ စနစ်မျိုးကသာ မတူညီတဲ့ အင်အားစုတွေကို တစ်စုတည်းသော အလံတော်အောက်မှာ အတူတကွရပ်တည်စေနိုင်ပါလိမ့်မယ်။
မင်းမှာလည်းဗျောက် ငါကလည်းမကြောက် ငါ့မှာလည်းဗျောက်နဲ့ ဆိုတာမျိုးတွေ ဖြစ်ကုန်ကြမှာပါ။ ဒါကြောင့် နိုင်ငံရေးဘုံသဘောတူညီမှုတွေကို အခြေခံကြပါ လက်နက်အားကိုးမလုပ်ကြပါနဲ့လို့ ပြောနေကြရတာပါပဲ။
အခြားဖြစ်နိုင်ခြေတစ်ခုကတော့ မြန်မာပြည်ကို အပြိုကွဲမခံပဲ တရုတ်လို ဆူပါပါဝါကြီးတစ်ခုက ဝင်ထိန်းလိုက်တာမျိုးပါ။ အဲဒီကျရင်တော့ မြန်မာဟာ တရုတ်ရဲ့ ပရောက်စီတိုင်းပြည်လို့ ဖြစ်သွားနိုင်ပါသေးတယ်။ ဒုတိယမြောက်ကိုရီးယား သဖွယ်ပေါ့။ ဖြစ်နိုင်ခြေနည်းတယ်ဆိုပေမဲ့ မဖြစ်နိုင်တဲ့ အရာလို့ မဆိုနိုင်ပါ။ မြန်မာဟာ သယံဇာတ ရေမြေအခြေအနေအရ ပထဝီနိုင်ငံရေးအရ တရုတ်အတွက် အလွန်အရေးပါတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
လက်ရှိပါဝါအသီးသီးကို ကိုင်စွဲထားကြတဲ့ ပတ်သက်သူအဖွဲ့အစည်းတွေ အားလုံးဟာ ဒီဖြစ်နိုင်ခြေတွေကို အားလုံးဖြန့်ကျက်စဉ်းစားသင့်ကြပါတယ်။ တိုင်းပြည်အအုပ်အမက် မပျက်ပဲ အားလုံးမနာတဲ့ အဖြေတစ်ခုခုကို ထုတ်နိုင်ရင်တော့ သားရွှေအိုးထမ်းကိန်းရှိနိုင်ပါတယ်။ ဒီလိုမဟုတ်ကြပဲ ငါတကောကော ငါနိုင်ရင်ပြီးရောဆို လွန်ဆွဲအားပြိုင်ကြရင်တော့ တိုင်းပြည်မြေပုံသစ်တွေ ပြန်ဆွဲကြရတဲ့ ခေတ်ကို မရောက်ချင်လည်းရောက်သွားနိုင်တဲ့အကြောင်း တွေးဆချင့်ချိန်တင်ပြလိုက်ရပါတယ်။
No comments:
Post a Comment