ပွိုင့် ၁၅၆၄ တိုက်တော့ ကျော်ကျော်စိုးက ဆေးတပ်သား ။လူပုသလောက် သဘောကောင်း ၊ စိတ်ဓာတ်ကောင်းတဲ့ သူ ။ ဒုတပ်ကြပ်ဆိုပေမယ့် တချို့ စောက်ပဲ့အရာရှိတွေထက်ကို အမူအကျင့် ကောင်းတဲ့ကောင် ။ဘောလုံးကန်ဆိုလည်း သိပ်ကောင်းတာ ။အရပ်ရှည်တဲ့ကောင်တွေ ပြေးတာလောက်တော့ ကျော်ကျော်စိုးတို့က သနားတာပေါ့ ။ဟေ့ကောင် ... ကျော်ကျော်စိုး ဆိုပြီးသာ ဘော်လုံးကို ဖြတ်တင်ပေးလိုက် ။တောင်ပံကနေ မရ ရအောင် ပြေးပြီး လုတဲ့ကောင် ။
၁၅၆၄ ကို တိုက်တော့ ၂ ရက်ခွဲ တိုက်ယူရတယ် ။၂၀၁၅ မတ်လ ၁၅ ရက်နေ့မှာ လောက်ကိုင်ကို ၀င်ပြီး ၁၉ ရက်နေ့ကျတော့ ၁၅၆၄ ကို စခန်းသိမ်းတိုက်ပွဲ တိုက်ရတာပဲ ။စစ်ဦးဘီလူးဆိုသလို ရန်သူနဲ့
သူတပြန် ကိုယ်တပြန် အပြင်းအထန် ချတဲ့ပွဲမှာ ၊ ကိုယ့်ရဲဘော်တွေ ထိတော့ စိတ်က မခံနိုင်ရှာဘူး ထင်ပါရဲ့ ။ဆေးကုနေရင်း တန်းလန်းကနေ သေနတ်ကို ဆွဲပြီး ပွိုင့်ထိ တက်သွားတာ ။ဟေ့ကောင် ... ကျော်ကျော်စိုး မတက်နဲ့ ဆိုတော့ နောက်ကျသွားပြီ ။ရန်သူ ပစ်လိုက်တဲ့ကျည်က ဆီးခုံကို ဖောက်ခနဲပဲ ။
အဲဒီအချိန် ကျော်ကျော်စိုးမိန်းမ ဝေဝေမာက နောက်တန်းမှာ ကိုယ်၀န်ကြီးနဲ့ ။ဆေးတပ်သားပီပီ သူ့ကိုယ်သူ မရတော့ဘူးဆိုတာ သိတဲ့ ကျော်ကျော်စိုးတစ်ယောက် ၊ သူ့ကို ကုပေးနေတဲ့ ဆေးဆာဂျင်ကြီးနောက်ဆုံးအနေနဲ့ စကား ၂ ခွန်းပဲ မှာပါတယ် ။
ငါတော့ တာ၀န်ကျေပြီ ။မင်းတို့ ရအောင် တိုက် တဲ့ ။
ဆရာကြီး ... ကျွန်တော် မခံနိုင်တော့လို့ မော်ဖင်း ၁ လုံး ထပ်ထိုးပေးပါလားဗျာ _ တဲ့ ။
ကျော်ကျော်စိုးဟာ သေသာသွားတယ် ။
သူ့သားလေးကိုလည်း မမြင်လိုက်ရရှာဘူး ။
သူ့ကို ပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သူရဲကောင်းလက်မှတ်ကြီးကိုလည်း ယူမသွားနိုင်ရှာဘူး ။ လူထုကလည်း သူ့ကို ဖုတ်လေငပိ ၊ ရှိတယ်လို့ကို မသိခဲ့ကြရရှာဘူး ။
အဓိကရုဏ်းတွေမှာ ရဲနဲ့တပ်က ပစ်လို့ သေကြရတဲ့သူတွေကို တွေ့တော့ စိတ်မကောင်းဘူး ။အဲဒီလူတွေကို ဒီမိုကရေစီသူရဲကောင်းတွေရယ်လို့ လူထုက အသိအမှတ်ပြုနေကြတော့ ကျော်ကျော်စိုးကို သတိရမိပြီး ပိုလို့တောင် စိတ်မကောင်းဘူး ။
ဒီတိုင်းပြည်မှာ မင်းတို့ ငိုခဲ့ရတာထက် အဆပေါင်းများစွာ ငါတို့မိသားစုတွေ ငိုခဲ့ရတာပါကွာ ။မင်းတို့ သေခဲ့ရတာထက် အဆပေါင်းများစွာ ငါတို့ရဲဘော်တွေ သေခဲ့ရတာပါကွာ။
ဆီပူအိုးထဲက ဂဏန်းကောင်တွေလို အိုးထဲကနေလွတ်ဖို့ ၊ မီးမွှေးတဲ့လက်ကို မညှပ်ပဲ တကောင်နဲ့ တကောင် ခုန်တက် ညှပ် သတ်နေကြမယ် ဆိုရင်လည်း မင်းတို့ သဘောပါပဲ ။
ငါတို့က ငရဲက လာကြတာပါ ။
ပြာပူဆိုတာ ကြောက်စရာ မဟုတ်တော့ပါဘူး ။
ဇေယျကျော်ထင်
No comments:
Post a Comment